အရာတော် ဩဂုတ် ၂၄
အရာတော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိ သူတိုင်း မဲပေး ပိုင်ခွင့်မဆုံးရှုံးစေရန်နှင့် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းရရှိစေရန် မဲဆန္ဒရှင်စာရင်း စိစစ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ ဦးတင့်ဆွေက အဖွင့်အမှာ စကားပြောကြား ရာတွင် ပထမ အကြိမ် မဲဆန္ဒရှင်အမည်စာရင်း၌ အကြောင်းအမျိုးမျိုးကြောင့်ကျန်ရစ်ခဲ့သူများ၊ မဲပေးပိုင်ခွင့် မရှိသူများ မဲစာရင်းတွင် ပါဝင်နေခြင်း၊ မဲဆန္ဒရှင် အချက်အလက်မှားယွင်းနေခြင်းများကို သတ်မှတ် ပုံစံများဖြင့် ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်မီ ပြီးစီးစေရန် ၊ မဲဆန္ဒရှင်စာရင်းစိစစ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်ဝေက မဲဆန္ဒရှင်စာရင်း စိစစ်ရာ တွင် ကော်မရှင်အဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး များ၊ စာရေးဝန်ထမ်းများနှင့် ပူးပေါင်းကာ တစ်အိမ် တက်ဆင်း ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် လိုအပ်ချက်များရှိပါက ကော်မရှင်အဖွဲ့ဝင်များအားလုံးပူးပေါင်းဖြေရှင်း ဆောင်ရွက်ကြရန်ဆွေးနွေးခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်မျိုးဝင်းက အိမ်ထောင်စုစာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသေးသူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များက သိလိုသည်များကို မေးမြန်း ဆွေးနွေးကြရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ဇာဇာခိုင်က ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။
အရာတော်မြို့နယ်၊ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းတွင် မဲဆန္ဒရှင်ပေါင်း ၁၃၉၄၆၁ဦးရှိပြီး၊ အမည်စာရင်းမပါ၍ ပုံစံ-၃ ဖြင့် လျှောက်ထားသူ ၁၃၃၁ဦး၊ ပုံစံ-၄ဖြင့် တင်ပြသူ ၁၁၃၅ဦး၊ ပုံစံ-၄(ဂ)ဖြင့် လျှောက်ထားသူ ၁၄၅၂ ဦးရှိကာ သြဂုတ် ၂၀ ရက်နေ့အထိ ပြင်ဆင်ဖြည့်စွက်ပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်ပေါင်း ၁၃၉၆၅၇ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
နွယ်နီမြင့်(ပြန်/ဆက်)