ကျိုက်မရော သြဂုတ် ၂၄
မော်လမြိုင်ခရိုင်၊ ကျိုက်မရော မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်စားဝန်ထမ်းများအတွက် ပင်စင်လစာများကို သြဂုတ်၂၁ ရက်မှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ပင်စင်လစာများထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် တစ်ကြိမ်လျှင် ၁၅ ဦးစီကို ၃ ပေခြားစီ တန်းစီစေပြီး ဘဏ်ထဲသို့ မဝင်ခင် လက်ဆေးဘေစင်၌ လက်ဆေးစေခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်၍ အပူချိန်တိုင်း ကိရိယာဖြင့် အပူချိန်တိုင်းပေးခြင်းများကို စနစ်တစ်ကျ ဆောင်ရွက်ပေးပြီး လူစုလူဝေး မဖြစ်ပေါ်စေရန် ဘဏ်ဘေးမြေကွက်လပ်၌ အငြိမ်းစားများ နားနေနိုင်ရန် နေရာ သီးသန့် စီစဉ်ပေးထားကြောင်း သိရသည်။
ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လစာထုတ်ယူလျက်ရှိသော အငြိမ်းစားဝန်ထမ်းဦးရေ(၇၀၀)ကျော်ရှိရာ ပင်စင် လစာ စတင်ထုတ်ပေးသည့်ရက်၌ လူဦးရေ ၂၀၀မှ ၂၅၀ထိ လာရောက်ထုတ်ယူ လေ့ရှိပြီး ယခုကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားနေချိန် အတွင်း လူစုလူဝေးမဖြစ်စေရန် တစ်နေ့လျှင်လူဦးရေ ၁၅၀ထိသာ ကန့်သတ်ထားပြီး နေ့စဉ် နံနက်၈နာရီမှ ညနေ၅နာရီအချိန်ထိထုတ် ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေး ဘဏ်ခွဲ မန်နေဂျာ ဒေါ်မာမာခိုင်မှ ပြောကြားခဲ့သည်။ ပင်စင်လစာ များကိုသြဂုတ် ၂၁ ရက်မှစ၍ သြဂုတ်လကုန်အထိ နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ချိုချို( ပြန်/ဆက်)