ကျုံပျော် သြဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့က ပြည်သူများသွားလာမှု အဆင်ပြေရန် အတွက် မြို့တွင်းလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အောင်ဆန်း ရပ်ကွက်၊ ညောင်ပင်သာလမ်းအား ကွန်းကရစ်လန်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းလုပ်ငန်းပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းသည် တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေကျပ် (၁၃၁.၅)သိန်းဖြင့် အရှည်ပေ(၇၀၀)၊ ပြည်သူ ပူးပေါင်းထည့်ဝင်ငွေ ကျပ်(၃၈)သိန်းဖြင့် အရှည်ပေ(၂၂၀)၊ စုစုပေါင်း အရှည်ပေ (၉၂၀)ကို အကျယ်(၁၂)ပေ၊ အမြင့်(၆)လက်မဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ကျန်ရှိသော လမ်းပိုင်းကိုလည်း မြို့နယ် စည်ပင်သာယာရေး အဖွဲ့က ဦးဆောင်ကာ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်း ထပ်မံဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆွေထံမှ သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းကို ယခင်လမ်းဟောင်းပေါ်တွင် ထပ်မံဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် လမ်းကြံ့ခိုင်မှုအား ကောင်းသောကြောင့် ပြည်သူများသွားလာမှု ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း၊ ရွှေနံ့သာလမ်းနှင့် ဗိုလ်ချုပ်လမ်းမကြီးတို့ကို ဆက်သွယ်သည့်လမ်း ဖြစ်သည့်အတွက် လူသွားလာမှုများပြားကြောင်း၊ မကြာမီရက်ပိုင်းအတွင်း မော်တော်ယာဉ်များ ဖြတ်သန်းမောင်နှင် နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)