လက်ပံတန်း ဩဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် COVID-19 စီးပွားရေး ကုစားမှု COVID-19 Economic Relif Plan (CERP)အစီအစဉ်အရ မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်း အတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန် က မြို့နယ် ၂လမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဉာဏ်မြင့်က ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်း ဆောင်ရွက်သည့် တောင်သူများအား နိုင်ငံတော်မှ ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက ပထမအကြိမ် တစ်ဧက အထွက်ကောင်းမျိုးစေ့ဘိုးကျပ် (၈၅၀၀/−)နှင့် စိုက်ပျိုးစရိတ်လုပ်ခ ကျပ် (၇၅၀၀၀/−)အား မြို့နယ်အတွင်းရှိ မိုးစပါး မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်သည့်ကျေးရွာအုပ်စု (၃၃)အုပ်စုရှိ တောင်သူ (၂၅၂)ဦး ၊ (၁၄၀၃) ဧက အတွက်ကျပ်သိန်း (၁၁၇၁၅၀၅၀၀) အား တောင်သူ များအား ပေးအပ်ခဲ့ ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် တောင်သူများ စပါးမျိုးကောင်းမျိုးသန့်ရရှိစေရန် မိုးစပါးမျိုးစေ့ထုတ် (၁၄၀၃) ဧက စိုက်ပျိုး ထားရှိပြီး ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မျိုးကွဲ နုတ်ပယ်ခြင်း နှင့် မျိုးစေ့သန့်စင်ခြင်းတို့အတွက် ဆက်လက် ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ဝင့်နန္ဒာဌေး