အင်းတော် ဩဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အခြေခံပညာအထက်တန်းကျောင်း(အင်းတော်) တွင် ယနေ့ နံနက်ပိုင်း က အသက် ( ၅ ) နှစ်မှ ( ၁၆ ) နှစ်အတွင်း ကျောင်းသားကျောင်းသူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သံချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အင်းတော်မြို့နယ်အနေဖြင့် သံချဆေးများကို မြို့နယ်အတွင်းရှိ အသက်( ၅ )နှစ်နှင့်အထက် ကလေး သူငယ်များအား ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့မှ စတင်၍ အခြေခံပညာကျောင်းများတွင် တိုက်ကျွေးခဲ့ခြင်းဖြစ်ကြောင်း၊ အသက် ( ၆ ) လမှ ( ၅ ) နှစ်အောက် ကလေးငယ်များကိုလည်း ဗီတာမင်အေနှင့် သံချဆေးများကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ( ၁၀ ) ရက်နေ့မှ စတင်တိုက်ကျွေးခဲ့ပြီး ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါကို ကာကွယ် ထိန်းချုပ်နေသည့် ကာလအတွင်း ဖြစ်သည့်အတွက်ကြောင့် လည်းကောင်း၊ ကာကွယ်ဆေးတိုက်ကျွေးမှု အစီအစဉ်များ လစ်ဟာမှု မရှိစေရေး အတွက် လည်းကောင်း၊ မိမိတို့ ကျန်းမာရေးဦးစီးဌာနအနေဖြင့် ရောဂါကာကွယ်ရေးအစီအမံများ ပြုလုပ်၍ ကာကွယ်ဆေးများကို စနစ်တကျ တိုက်ကျွေးခဲ့ခြင်းဖြစ်ကြောင်း၊ အင်းတော်မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ချောစုခိုင်က ပြောသည်။
ကျော်သီဟ( IPRD)