ဗန်းမောက် ဩဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် စက်တောနည်းပညာစင်တာနှင့် ကြောင်လည် နည်းပညာ စင်တာနယ်မြေများတွင်း (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါး မျိုးသန့် မျိုးစေ့ထုတ်စံပြကွက်များ စနစ်တကျ စိုက်ပျိုးထားရှိမှု ရှိ/မရှိနှင့် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မျိုးစေ့ထုတ်တောင်သူများအား ကသာခရိုင် မြေအသုံးချတာဝန်ခံ ဦးလှမင်းက မိုးစပါး မျိုးသန့် မျိုးစေ့ ထုတ်စံပြကွက်များ စနစ်တကျစိုက်ပျိုးထားရှိရေး၊ မျိုးကွဲများပေါင်းမြက်များ နှင့် ပိုးမွှား ရောဂါကျရောက်နေမှု မရှိစေရန်၊ ပိုးမွှားများကာကွယ်နှိမ်နှင်းနည်းများနှင့် ပတ်ဝန်းကျင်ဘေး အန္တရာယ် မဖြစ်စေရန်၊ စပါးခွံဖွဲပြာများကို သဘာဝမြေ သြဇာအဖြစ် အသုံးပြုနည်းကိုလည်းကောင်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဟန်စိုးက မျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်များနှင့် စိုက်ပျိုးရေးနည်းပညာအကြောင်း သိကောင်းစရာများကို ဆွေးနွေးပေးခဲ့ပြီး တက်ရောက် လာကြ သော ဒေသခံတောင်သူများက သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများ က ပြန်လည် ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။
ထို့နောက် ကသာခရိုင် မြေအသုံးချရေးတာဝန်ခံ ဦးလှမင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဟန်စိုးနှင့် နည်းပညာစိုက်ပျိုးရေးပညာရှင်များက မျိုးစေ့ထုတ်တောင်သူများ စိုက်ပျိုးထားရှိသည့် စက်တော၊ နားယကာ နည်းပညာနယ်မြေနှင့် ကြောင်လည်နည်းပညာနယ်မြေတို့တွင် (CERP) အစီအစဉ်ဖြင့် မျိုးစေ့ထုတ်လုပ်ငန်း (၃၅၀) ဧက ကွင်းပိတ်စိုက်ပျိုးထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ကျော်စွာ(ဗန်းမောက်)