ကံမမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ဆောင်ရွက်

ကံမ  ဒီဇင်ဘာ  ၁၅

မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်တွင် သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက စံပယ်ခြုံ ကျေးရွာနှင့် ကဒူးပြင်ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာ အထောက်အကူပြု ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေး နွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး၊ စိုက်ပျိုး ရေရရှိရေး မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းနေအရွယ် ကလေးများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်ဆေးထိုး အကြိမ်ရေပြည့်မီအောင် ထိုးနှံကြရန်တို့အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားပြီး မြို့နယ်ဌာနဆိုင်ရာများမှလည်း မိမိတို့ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကျေးရွာရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ မိမိတို့ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လိုသည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)