ပြည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးပြုလုပ်

ပြည် သြဂုတ် ၂၁

ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုများနှင့် ပတ်သက်၍ ဒေသတွင်း ထိစပ်နေမှုကြောင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ စီမံ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ဒေသန္တရကျန်းမာရေးဌာနရုံး၌ ယနေ့ နံနက်ပိုင်းက ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ပြည်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့် ကိုဗစ်ကော်မတီဝင်များ၊ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများနှင့် ပြည်မြို့ပေါ်ရှိ အရပ်ဘက်ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့များ တက်ရောက်ကာ မြို့အဝင် စစ်ဆေးရေးဂိတ်များ စနစ်တကျပြန်လည်ထားရှိရေး၊ ထိစပ်နယ်မြေမှ ရောက်ရှိလာသူများကို စောင့်ကြည့်ရေးစခန်း များ တွင် ထားရှိရေးနှင့် ဒေသတွင်းပြည်သူများအား ကျန်းမာရေး အသိပညာပေး ထပ်မံနှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ကြိုတင်စီမံဆောင်ရွက်မည့် အကြောင်းအရာများကို ပူးပေါင်း ညှိနှိုင်း ဆွေးနွေး ခဲ့ကြကြောင်း မြို့နယ်ကိုဗစ်ကော်မတီထံမှ သိရသည်။

မျိုးကျော်ကြီး(ပြန်/ဆက်)