ဒေးဒရဲ ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နွေရာသီကာလတွင် အများပြည်သူ သောက်သုံးရေ ရှားပါးပြတ်လပ်မှု မရှိစေရေး အမှတ်(၁)ရပ်ကွက်ရှိ အောင်မင်္ဂလာ သောက်သုံးရေကန် ရေသိုလှောင်ထိန်းသိမ်းမှုနှင့် မြေသားကန်တာဘောင်များ ကြံ့ခိုင်မှု အခြေအနေအား ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ဖျာပုံခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဌေးမောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ က အောင်မင်္ဂလာ သောက်သုံးရေကန် ရေသိုလှောင်ထိန်းသိမ်းနိုင်မှုနှင့် ကန်ဘောင်တာ ကြံ့ခိုင်မှုအခြေအနေအား ကွင်းဆင်းကြည့်ရှူ စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ အောင်မင်္ဂလာ သောက်သုံးရေကန်သည် ဧက ၂၀ ကျယ်ဝန်းပြီး ဒေးဒရဲမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများပါ သောက်သုံးရေ ခပ်ယူသုံးစွဲနေသော သောက်သုံးရေ ကန်ဖြစ်ပြီး သိုလှောင်ထားသည့် သောက်သုံးရေများ ကန်ဘောင်တာကျိုးခြင်းမှ ဆုံးရှုံးမှု မရှိစေရေး ဌာနဆိုင်ရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)