ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များအား ပြည်သူများ ပိုမိုသိရှိနိုင်ရေး မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်မှုများဆောင်ရွက် 

လွိုင်ကော် နိုဝင်ဘာ ၃၀


လွိုင်ကော်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများ ပိုမိုသိရှိ လိုက်နာနိုင်ရေး အသိပေးနှိုးဆော်မှုများအား ရပ်ကွက်များ၊ ကျေးရွာများနှင့် လူစည်ကားရာနေရာများ တွင် မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသံချဲ့စက်များ၊ လက်ကိုင်စကားပြော အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော်မှုများကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့က နေ့စဉ်ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း လွိုင်ကော် မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်သည်။  
ထိုသို့ ဆောင်ရွက်ရာတွင် လွိုင်‌ကော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် အတွက် မိဘပြည်သူများအနေဖြင့် လက်ရှိအခြေအနေတွင် အတတ်နိုင်ဆုံး အိမ်တွင်း၌ သာ နေထိုင်ကြရန်၊ မိမိအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန်၊ မဖြစ်မနေ ပြင်ပသို့ သွားလာရ ပါက ပါးစပ်နှာခေါင်းစည်းတို့ကို စနစ်တကျတပ်ဆင်ရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကား ပြောခြင်း၊ ဈေးရောင်း၊ ဈေးရောင်းဝယ်ခြင်းများ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာ ခြင်းများကို ရှောင်ကြဉ်ကြရန်၊ တစ်စုံတစ်ရာ ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံး စက္ကန့် (၂၀)ကြာအောင် စနစ်တကျ ဆေးကြောရန်၊ လက်ကိုဆေးကြောခြင်း မပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ကိုင်တွယ်ခြင်းမပြုလုပ်ကြရန်၊ မိမိနေထိုင်ရာ အခန်းကို လေဝင်လေထွက် ကောင်းအောင် လုပ်ဆောင်ရန်၊ အပြင်မှ ပြန်လာပြီးတိုင်း ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျ စွန့်ပစ်ရန်၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်နှင့်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ အသိပေးပန်ကြားချက်များကို မိဘပြည်သူများအနေဖြင့် တိကျစွာ လိုက်နာဆောင်ရွက်ကြရန်တို့ကို တိုက်တွန်း နှိုးဆော်ခဲ့သည်။

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေမှာ ဇွန်လ (၂၉) ရက်နေ့မှ နိုဝင်ဘာ (၂၉)ရက်နေ့အထိ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်းမှာ (၅၇၈၉)ဦးရှိပြီး ပြန်လည်ကျန်းမာလာသူ စုစုပေါင်း (၅၄၃၀) ဦးရှိပြီး ယနေ့သေဆုံးသူ (၁)ဦးရှိပြီး စုစုပေါင်း သေဆုံးလူနာ(၂၂၉) ဦးရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)