ကျေးသီးမြို့နယ်အတွင်းရှိ နားလင်လိုင်ကျေးရွာနှင့်ကောင်းဟုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေများ(တတိယအကြိမ်)ထုတ်ချေး

ကျေးသီး        နိုဝင်ဘာ        ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေများ တိုးပွားလာစေ ရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ တတိယအကြိမ် ထုတ်ချေးခြင်းကို နားကန်းကျေးရွာအုပ်စု ၊ နားလင်လိုင်ကျေးရွာနှင့်ကောင်းဟုန်းကျေးရွာတွင် ယနေ့ နံနက်ပိုင်းက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးရာတွင်    ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအေးနိုင်၊စီမံကိန်းတာဝန်ခံ ဒေါ်ဆုရည်လဲ့ နှင့်ဝန်ထမ်းများက နားကန်းကျေးရွာအုပ်စု နားလင်လိုင်ကျေးရွာနှင့်ကောင်းဟုန်းကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ အသင်းသား၊အသင်းသူ (၃၇)ဦးအား လည်ပတ်ရန်ပုံငွေကျပ် (၃၃၃) သိန်း ချေးပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ညွှန် ကြားချက်များ၊ ချေးငွေပြန်လည်ထုတ်ချေးပေးနိုင်ရေး   စီမံချက်များနှင့်အညီ   စီစဉ်ဆောင်ရွက်ပြီး   အသင်းသား/အသင်းသူများ  လက်ဝယ်အရောက် ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာ (၂)ရွာကို မြစိမ်းရောင် ကျေးရွာစီမံကိန်းဝင် ကျေးရွာအဖြစ် ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာ ရေးနှစ်မှစတင်၍ နှစ်ရွာ( ၁ )ယူနစ် ရန်ပုံငွေ ကျပ်သိန်းသုံးရာဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးနိုင်ထံမှ သိရသည်။

နန်းမွမ်းဆိုင်(ကျေးသီး)