လေးမျက်နှာ၌ နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချရန် အသိပေး ကြေညာချက် အား ရှင်းလင်းဆွေးနွေး

လေးမျက်နှာ   ဩဂုတ်  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် အခွန်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီက စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာနမှ နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းစီမံချက် ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြည်တွင်းအခွန်များ ဦးစီးဌာနမှူး ဦးစည်သူနိုင်အောင်က ပြည်တွင်း၌ ရောက်ရှိနေသော နိုင်ငံခြားအရက် အမျိုးမျိုးတရားမ၀င် တင်သွင်းရောင်းချခြင်းတို့အပေါ် မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များမှ ကြေညာလွှာ တင်သွင်းခြင်း၊ အခွန်ပေးဆောင်ခြင်းတို့ကို သိရှိလိုက်နာ ဆောင်ရွက်စေရေးအတွက် အသိပေး ဆွေးနွေးခြင်း၊ တရားမဝင် ရောက်‌ရှိနေသော နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးတို့ကို ကျသင့်အခွန်အကောက်များ ပေးဆောင်စေပြီး A1 အမှတ်အသား (ခြင်္သေ့)အခွန် အမှတ်တံဆိပ် ကပ်နှိပ်ရန် အသိပေးကြေညာချက် လက်ကမ်းစာစောင်များ၊ ကပ်နှိပ်သည့် အခွန် အမှတ်တံဆိပ် နမူနာပုံစံများ၊ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရန် ကြေညာလွှာပုံစံများကို အခွန်ထမ်းပြည်သူများထံ ဖြန့်ဝေပေးခြင်း၊ အဆိုပါ လုပ်ငန်းစီမံချက်အား One Stop Service(OSS)စနစ်ဖြင့် စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းတို့ကို ရှင်းလင်း‌ ပြောကြားပြီး တက်ရောက်လာသည့် အခွန်ထမ်းများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စီမံချက်ကာလအတွင်း ထပ်မံရောက်ရှိလာနိုင်သည့် တရားမဝင် အရက်အမျိုးမျိုးကို ကာကွယ် တားဆီးနိုင်ရန် ကြေညာလွှာတင်သွင်းရက်ကို ဩဂုတ်လ  ၂၈  ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ပြီး စီမံချက်ကာလအတွင်း တရားမဝင်အရက်များ ရောင်းချနေကြောင်းတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ သွားမည်ဖြစ်ပြီး အောက်တိုဘာ ၁ ရက်နေ့မှစ၍ တရားဝင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသော နိုင်ငံခြားအရက် အမျိုးမျိုးကို လက်ဝယ်ထားရှိခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် လက်လီလက်ကား ရောင်းချခြင်းများ အပေါ် အထူးကုန်စည်ခွန် ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းတို့ကို မြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနမှူးက ဆက်လက် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ရွှေမိုး(လေးမျက်နှာ)