ကျိုက်လတ် ဩဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့နံနက် (၁၀) နာရီခွဲ က ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်ဝင်းသိန်းက ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီနှင့် သက်ဆိုင်သည်များ၊ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် မဲစာရင်းစိစစ်ရေးဆိုင်ရာကိစ္စရပ်များ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၌ ပါဝင်သည့် ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရှိ အခြားသောဌာနဆိုင်ရာများမှလည်း ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန် ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်လင်းဦးက မဲဆန္ဒရှင်စာရင်းများတွင် ကွက်လပ် ဖြစ်နေသည့်အကြောင်းအရာများ၊ မှတ်ပုံတင်များကို မလျှော့သောဇွဲလုံ့လဖြင့် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း မကြေညာခင် မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်ပြီးစီးအောင် ဆောင်ရွက်သွားကြရန်နှင့် ပုံစံ (၃) ၊ ပုံစံ (၄) ၊ ပုံစံ (၄-ဂ) များ တင်ပြထားမှုအခြေအနေတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်းက ကျိုက်လတ်မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့် သက်ဆိုင်သည်များကိုလည်းကောင်း၊ အဖွဲ့ဝင်များက မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းများကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်(ပြန်/ဆက်)