ဘောလခဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ဘောလခဲ နိုဝင်ဘာ ၂၄

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံမှုမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်မှ စတင်ပြီး မြို့ပေါ်ရပ်ကွက်များအတွင်းတွင် လှည့်လည် အသိပေးနှိုးဆော် ပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ရာတွင်  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်ကြသည့် ပြည်သူများအား နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ကြရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာကာ (Face shield) ကို တွဲဖက်တပ်ဆင်ရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ လက်ကိုစက္ကန့် ၂၀ကြာ မကြာခဏ စနစ်တကျ ဆေးကြောရန်၊ အလုံပိတ်အခန်းများ၊ အဲယားကွန်း အခန်းများ၊ လေဝင်လေထွက် မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားရန်၊ ကိုဗစ်-၁၉ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူရန် စသည့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန် ကယားတိုင်းရင်းသား ဘာသာဖြင့် လည်းကောင်း မြန်မာဘာသာဖြင့် လည်းကောင်း လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ဇင်မာထွန်း