သာယာဝတီ သြဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ပညာရေးဌာနသို့ အားကစားပစ္စည်းများ ပေးအပ် လှူဒါန်းသည့် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အ.ထ.က(၁) သာယာဝတီ ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ပေးအပ်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မူမူခင်က အမှာစကားပြောကြားပြီး အခြေခံမူလတန်းကျောင်းများမှ စတင်၍ ကာယချိန်နှင့် အားလပ်သည့်အချိန်တိုင်း အားကစားမြှင့်တင်ရေး လုပ်ငန်းများကို အရှိန်ဟုန်မြှင့်၍ လေ့ကျင့်သင်ကြားပေးရန် လိုအပ်ပါကြောင်း ကျောင်းများအသီးသီးမှ အားကစားထူးချွန် ထွက်ပေါ်လာမည့် ကျောင်းသား/ကျောင်းသူ အားကစားသမားများကိုလည်း မြို့နယ်/ခရိုင်/တိုင်းနှင့် ဗဟိုအဆင့် ပြိုင်ပွဲများထိ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ကျောင်းအုပ်ကြီးများ ကာယဆရာများနှင့်ဆရာ/ဆရာမများကလည်း အားပေးတိုက်တွန်း ကာ မိဘများပါဝင်လာရေး ဝိုင်းဝန်းစည်းရုံး ကူညီပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်လင်းထွန်းက ပြောကြားသည်။
ပေးအပ်ထောက်ပံ့သည့် အားကစားပစ္စည်းများမှာ ကန်ဘောလုံး(၁)လုံး၊ ဘောလုံး(၁)လုံး၊ ပိုက်ကျော်ခြင်းလုံး (၃)လုံး၊ ပိုက်ကျော်ခြင်းပိုက်(၁)ခု တို့ဖြစ်ပြီး အခြေခံပညာကျောင်း (၁၀)ကျောင်းအတွက် တန်ဘိုး(၄၀၀၀၀၀) ကျပ် ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မူမူခင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်လင်းထွန်း၊ သာယာဝတီခရိုင် အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ အားကစားမှူး ဦးကျော်ဝင်း ၊မြို့နယ်အားကစားမှူး ဒေါ်ပြုံးသန့်ခိုင်နှင့် တာဝန်ရှိသူများက မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာ/ဆရာမများထံသို့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သန့်ဇော်(ပြန်/ဆက်)