ဝေါ ဩဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ယမန်နေ့ နံနက် (၁၁) နာရီ အချိန် နိုင်ငံခြားဖြစ်အရက် အမျိုးမျိုး အပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းစီမံ ချက် ရှင်းလင်း ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သက်သက်မွန်က ပြည်တွင်း၌ ရောက်ရှိနေသော နိုင်ငံခြား အရက်အမျိုးမျိုး တရားမဝင် တင်သွင်းရောင်းချခြင်းတို့အပေါ် မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များမှ ကြေညာလွှာ တင်သွင်းခြင်း၊ အခွန် ပေးဆောင်ခြင်းတို့ကို သိရှိလိုက်နာဆောင်ရွက် စေရေးအတွက် အသိပေးဆွေးနွေးခြင်း၊ နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးတို့နှင့် စပ်လျဉ်း ၍ အခွန်အမှတ် တံဆိပ်ကပ်နှိပ်ရန် အသိပေးကြေညာချက် လက်ကမ်းစာစောင်များ၊ ကပ်နှိပ်သည့်အခွန်အမှတ်တံဆိပ် နမူနာပုံစံများ၊ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရန် ကြေညာလွှာပုံစံများကို အခွန်ထမ်း ပြည်သူများထံ ဖြန့်ဝေပေးခြင်း၊ တက်ရောက်လာသည့် အခွန်ထမ်းများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။
ကြေညာလွှာတင်သွင်းရက်မှာ ဩဂုတ်လ ၂၈ ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းစီမံချက်အား One Stop Service(OSS)စနစ်ဖြင့် (၁.၉.၂၀၂၀) ရက်နေ့မှ (၃၀.၉.၂၀၂၀) ရက်နေ့ အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)