ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ညှိနှိုင်း ဆွေးနွေးပွဲ (Table Top Exercise) ဆောင်ရွက်

ပဲခူး ဩဂုတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအ‌‌ဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်အောက်ရှိ ဆေးရုံများနှင့် ကျန်းမာရေး ဌာနများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသနိုင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင် ညှိနှိုင်းဆွေးနွေးပွဲ (Table Top Exercise) ကို Zoom Meeting ဖြင့် ဆောင်ရွက်ခဲ့သည်။

ရှေးဉီးစွာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ရန်နိုင်မောင်က ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသေဆုံးမှုများ ဆက်လက်မြင့်မားနေခြင်း၊ မြန်မာနိုင်ငံ အတွင်းရှိ ရခိုင်ပြည်နယ် တွင်လည်း ပြည်တွင်း ကူးစက်မှုဖြစ်ပွားနေခြင်းအားလုံး အသိပင်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်သည် မိမိတို့ပဲခူးတိုင်းဒေသ ကြီးနှင့် နယ်မြေချင်းဆက်စပ် နေသော ဒေသဖြစ်သဖြင့် အထူးဂရု ပြုရမည်ဖြစ်ပါကြောင်း၊ ဆေးရုံကြီးများ၊ မြို့နယ်/ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာန များမှ အဆင့်ဆင့်သော ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ကြိုးစား ဆောင်ရွက် ပေးနေခြင်းကိုလည်း ဌာနအနေဖြင့် အသိအမှတ် ပြုပါကြောင်းနှင့် အထူးကျေးဇူးတင်ပါ ကြောင်း၊ ဆက်လက်၍လည်း ကြိုးစား ဆောင်ရွက်ပေးမည်ဟု ယုံကြည်ပါကြောင်း၊ အဆိုပါလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု နှင့်အညီ စနစ်တကျ ဆက်လက်ဆောင်ရွက် နိုင်ရေးအတွက် ယခု Table Top Exercise ကို ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားခဲ့ သည်။

ထို့နောက် ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူးများ၊ ပဲခူးပြည်သူ့ဆေးရုံကြီးမှ ဒုတိယ ဆေးရုံအုပ်ကြီး၊ သမား တော်ကြီး၊ အထူးကုဆရာဝန်ကြီး(ကလေး)၊ ရောဂါဗေဒဆရာဝန်ကြီး လက်ထောက် ညွှန်ကြားရေးမှူး(ကူးစက်)နှင့် ဆေးရုံ/ဌာန များမှ Zoom Meeting တက်ရောက်လာသူ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ ခရိုင်/မြို့နယ်ကျန်းမာရေး ဉီးစီးဌာနမှူးများက ညှိနှိုင်း ဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။

အဆိုပါ Zoom Meeting အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို စနစ်တကျ အားဖြည့် ဆောင်ရွက် နိုင်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ကမ္ဘာ့နိုင်ငံများ နှင့် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေများအပေါ် မူတည်၍ မိမိတို့တိုင်းဒေသ ကြီးအတွင်း ဖြစ်ပွားလာမှုမရှိစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်း များကို အားစိုက်ဆောင်ရွက်နိုင်ရန်၊ ရောဂါ ဖြစ်ပွားသူများ တွေ့ရှိရပါက သတ်မှတ်ပေးထားသည့် ဆေးရုံကြီးများတွင် စနစ်တကျ ကုသမှုပေး နိုင်ရန်၊ ၎င်းလူနာများနှင့် ထိတွေ့ခဲ့သူများအား စနစ်တကျရှာဖွေ ဖော်ထုတ်၍ သီးခြားခွဲထားပြီး လိုအပ်သည် များအား အချိန်နှင့် တစ်ပြေးညီ ဆက်လက်ဆောင်ရွက်နိုင်ရန်၊ ကျောင်းများ၊ ဈေးများ၊ စက်ရုံ/အလုပ်ရုံများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များ စသည့် ဌာနများ/လုပ်ငန်းများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားသတ်မှတ်ချက်များအား လိုက်နာ ဆောင်ရွက်စေရေး ကြီးကြပ်ဆောင်ရွက်နိုင်ရန်၊ ပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော အသိပညာများ ဆက်လက် ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်လျက် ကြိုတင်ပြင်ဆင်ညှိနှိုင်းဆွေးနွေးပွဲ (Table Top Exercise) Zoom Meeting အား ကျင်းပ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနမှူး‌ ဒေါက်တာ ရန်နိုင်မောင် ဉီးဆောင်သည့် တာဝန်ရှိသူ များ၊ အထူးကုဆရာဝန်ကြီးများ၊ ခရိုင်/မြို့နယ်ဆရာဝန်ကြီးများ စုစုပေါင်း (၄၅)ဉီး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)