ပေါင်းတည်မြို့နယ်၌ အိမ်သုံးဆားများတွင် အိုင်အိုဒင်းဓာတ် ပြည့်ဝစွာ ပါဝင်မှုရှိမရှိစစ်ဆေး၍ ကျန်းမာရေး အသိပညာပေး

ပေါင်းတည်  သြဂုတ်  ၂

အိမ်သုံးဆားများတွင် အိုင်အိုဒင်းဓာတ်ပြည့်ဝစွာ ပါဝင်မှုရှိမရှိ စစ်ဆေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဆောင်ရွက်ခြင်းကို ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြူတောကန် ကျေးလက်ကျန်းမာရေးဌာနခွဲ အပိုင်ရှိ၊ ဗျက်ကြီးအုပ်စု၊ ဗျက်ကြီးကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်း က နယ်မြေအခြေခံ ကျန်းမာရေး ဝန်ထမ်းများက သွားရောက်စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အသိပညာပေး ဟောပြောမှု ဆောင်ရွက်ကြ ကြောင်း သိရသည်။

အဆိုပါကျေးရွာရှိ အိမ်ခြေစုစုပေါင်း(၃၃)အိမ်တွင် လက်ရှိအသုံးပြုနေသော အိမ်သုံးဆားများကို အိုင်အိုဒင်း ပါဝင်မှုအား လက်တွေ့စစ်ဆေးပေး ခြင်းနှင့် အသိပညာပေး ဟောပြောခြင်း အစီအစဉ်တွင် ပြည်သူ့ ကျန်းမာရေး ကြီးကြပ် (၂)ဦး သက်နိုင်ဦးက အိုင်အိုဒင်းဆားကို နေ့စဉ်စားသုံး သည့်အစားအစာများတွင် ထည့်သွင်းစားသုံးဖို့ အလွန် အရေးကြီးပါကြောင်းအိုင်အိုဒင်းချို့တဲ့မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကလေးငယ် များနှင့် ကလေး/ လူကြီးမရွေး ဖြစ်ပွားလာမည့် ရောဂါများအကြောင်း အရေးကြီးဆုံးအချက်ဖြစ်သည့် အိုင်အိုဒင်းချို့တဲ့မှုကြောင့် တိုင်းပြည် အနာဂါတ်ဖြစ်သော ကလေးငယ်များတွင် ပုညှက်ခြင်း ဉာဏ်ရည်ချို့တဲ့ခြင်း တို့ကြောင့် လေ့လာ သင်ယူနိုင်စွမ်း ကုန်ထုတ်လုပ်နိုင်စွမ်းအားများ ကျဆင်းကာ နိင်ငံဖွံ့ဖြိုးတိုးတက်မှု ထိခိုက်လာနိုင်သည်အထိ အန္တရာယ်ကြီးမား လျက်ရှိကြောင်း ဗဟုသုတဖြစ်ဖွယ် ဟောပြောပေးခဲ့သည်။

ထို့နောက် အဆိုပါ အဖွဲ့ဝင် ကျန်းမာရေးဝန်ထမ်းများက တက်ရောက်လာသူ ဒေသခံပြည်သူများအား အိုင်အိုဒင်းဆားများနှင့် အသိပညာပေး လက်ကမ်း စာစောင်တို့အား အခမဲ့ဝေငှပေးခဲ့ကြောင်း သိရှိရသည်။

တင်ဝင်းဇော် (မင်းသားကြီး)ပေါင်းတည်