ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်းတွင် ကဏ္ဍအသီးသီးအလိုက် စွမ်းစွမ်းတမံ တက်ကြွစွာ ဆောင်ရွက်ကြသူများနှင့် ဂုဏ်ပြုထိုက်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

လွိုင်ကော် နိုဝင်ဘာ ၂၂

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်းတွင် ကဏ္ဍအသီးသီးအလိုက် စွမ်းစွမ်းတမံ တက်ကြွစွာ ဆောင်ရွက်ကြသူများနှင့် ဂုဏ်ပြုထိုက်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ရောဂါ ကူးစက်မှုအနေဖြင့် မိမိတို့နိုင်ငံတွင် ၂၀၂၀ခုနှစ်၊ နှစ်ဦးကာလတွင် ပထမလှိုင်းဖြစ်ပွားခဲ့ပြီး အဆိုပါ ပထမလှိုင်းတွင် ကယားပြည်နယ်အတွင်း ပိုးတွေ့ရှိခြင်းမရှိဘဲ ရောဂါပိုးကင်းစင်သည့် ပြည်နယ် တစ်ခုဖြစ်ခဲ့ကြောင်း၊ ကယားပြည်နယ်အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်၍ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဒုတိယလှိုင်း၊ ၂၀၂၁ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် တတိယလှိုင်း ဖြစ်ပွားခဲ့ရာ ဒုတိယလှိုင်းတွင် ဖြစ်ပွားမှုနည်းပါးခဲ့သော်လည်း တတိယလှိုင်းတွင် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဖြစ်ပွားမှု အများဆုံးဖြစ်ခဲ့ကြောင်း၊ ကယားပြည်နယ်အနေဖြင့် ကိုဗစ်-၁၉ တတိယလှိုင်းတွင် ယနေ့အချိန်ထိ ရောဂါဖြစ်ပွားမှု(၅၆၇၂) ဦး၊ သေဆုံးမှု (၂၂၄) ဦးရှိပြီဖြစ်ကြောင်း၊ ကယားပြည်နယ်တွင် Quarantine Center ဖွင့်လှစ်မှုအနေဖြင့် လွိုင်ကော်မြို့နယ်တွင် (၁) ခု၊ ဘောလခဲမြို့နယ်တွင် (၃) ခု၊ ဖားဆောင်းမြို့နယ်တွင် (၂)ခု၊ မယ်စဲ့မြို့နယ်တွင် (၁)ခု၊ စုစုပေါင်း (၇)ခုဖွင့်လှစ်ပြီးရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအနေဖြင့် ကယား ပြည်နယ်တွင် အသက်(၁၈)နှစ်နှင့် အထက်များအတွက် လျာထား(၂၀၃၉၆၁)ဦးရှိရာ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ ပထမအကြိမ်(၅၅၀၅၃)ဦး၊ ဒုတိယအကြိမ် (၄၂၄၁၁)ဦး ထိုးနှံနိုင်ခဲ့ပြီးဖြစ်ရာ ဒီဇင်ဘာလ တွင် လျာထားဦးရေ၏ (၅၀)ရာခိုင်နှုန်း ထိုးနှံနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အသက်(၁၂) နှစ်နှင့်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် လျာထား(၁၆၆၅)ဦးရှိရာ ပထမအကြိမ် (၁၇၁၉)ဦး၊ ဒုတိယအကြိမ် (၆၂၉)ဦး ထိုးနှံခဲ့ပြီဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်းတွင် ကဏ္ဍအသီးသီး အလိုက်စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ (၁၂၄)ဦးအတွက် စုစုပေါင်းငွေကျပ် (၆,၂၀၀,၀၀၀)ကျပ်၊ ဂုဏ်ပြု ထိုက်သူ (၄၁၃)ဦးအတွက် စုစုပေါင်းငွေကျပ် (၁၂,၃၉၀,၀၀၀)ကျပ် ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပါဝင်လှူဒါန်းခဲ့သည့် အလှူရှင်(၁၇)ဦးကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လူမှုအသင်းအဖွဲ့များ၊ Volunteer များ၊ ပြည်သူများ အနေဖြင့် မိမိနိုင်ငံ၊ မိမိပြည်နယ်အကျိုးအတွက် ဆက်လက်၍လည်း စွမ်းစွမ်းတမံ တက်ကြွစွာ ပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း အဖွင့်အမှာစကားတွင်ပြောကြားခဲ့သည်။

ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူးတို့က ကယား ပြည်နယ် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင် ရောဂါကုသရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များ၌ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသူများအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ဆုချီးမြှင့်ပေးအပ်ခြင်းအပေါ် ဌာနဆိုင်ရာများကိုယ်စား ပြည်နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်နှင့် ဆုချီးမြှင့်ပေးအပ်ခြင်းအပေါ် Volunteer များနှင့် စေတနာ့ဝန်ထမ်းများကိုယ်စား ရွှေလွိုင်ကော်ပရဟိတအသင်း၊ ဦးစောဝဏ္ဏတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)