ကယားပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အခြေခံ အားကစား သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

လွိုင်ကော် နိုဝင်ဘာ      ၁၉

ကယားပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အခြေခံ အားကစား သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ်၊ ဒေါဥခူရပ်ကွက်ရှိ  ပြည်နယ် အားကစား ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနကို နိုင်ငံတော်အစိုးရအနေဖြင့် အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် လူငယ်လူရွယ်များ အတွက် အဓိကအားထားရမည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး သီးခြား ဝန်ကြီးဌာနတစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းပေးလိုက်ပြီဖြစ်ကြောင်း၊ ကယား ပြည်နယ် အားကစား နှင့် ကာယပညာဦးစီးဌာနအနေဖြင့် ပြည်နယ် အားကစားအဆင့်အတန်း တိုးတက် မြှင့်မားရေး ကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး ကြိုးစားအကောင်အထည် ဖော်နိုင်ရန် အတွက် ယခုလို အားကစားပညာပေး သင်တန်းများ ဖွင့်လှစ်ပြီး လုပ်သားပြည်သူများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ် မောင်မယ်များကို ကျန်းမာကြံ့ခိုင်ပြီး ပြည်နယ်လက်ရွေးစင် အားကစားသမား များ ပေါ်ထွက်လာ စေရန်အတွက် အခြေခံကျသည့် ခြေလှမ်းတစ်ခုကို လျှောက်လှမ်းလိုက်ပြီဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများက အခြေခံ အားကစားနည်းများဖြစ်သည့် အေရိုးဗစ်၊ စားပွဲတင် တင်းနစ်နှင့် ကြက်တောင်အားကစားနည်းများကို သရုပ်ပြသခဲ့ပြီး ကယားပြည်နယ် အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ သင်တန်းသား၊ သင်တန်းသူများအား လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။