လွိုင်ကော်မြို့၌ (၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

လွိုင်ကော် နိုဝင်ဘာ ၁၆

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော်များနှင့် ပြည်နယ်အစိုးရအဖွဲ့မှ အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿ(သုံးကြိမ်)ရွတ်ဆို ဘုရားကန်တော့၍ မဟာမင်္ဂလာ အခမ်းအနားကို ဖွင့်လှစ်ပြီး ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္က (မဟာဂန္တဝါစကပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဆရာတော်ဘုရားများထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။

ထို့နောက် ဆရာတော်  ၊ သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက သာသာနာရေးဆိုင်ရာများ လျှောက်ထားတော်မူခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆရာတော်  ၊ သံဃာတော်အရှင်သူမြတ်တို့အား မဟာဘုံကထိန် ကထိန်လျာသင်္ကန်းနှင့် ကထိန်အရံသင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး ပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ၊ ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဆရာတော်ထံမှ အနုမောဒနာတရား နာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ၊ ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း ဆရာတော်ထံမှ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓဿသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ မဟာမင်္ဂလာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ ၊ ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)၊  ဒေသ ကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားတွင် ပြည်နယ်အတွင်းရှိ သံဃာ့အဖွဲ့အစည်း အဆင့်အဆင့်မှ ဆရာတော်များ ၊ ပရိယတိ္တစာသင်တိုက်များ ၊ တောင်တန်းသာသနာပြု ကျောင်းများနှင့် အကြည်ညိုခံ ကျောင်းများ စုစုပေါင်း (၁၁၂)ကျောင်းတို့အား ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ ဘာသာရေးအသင်းအဖွဲ့များ ၊ လွိုင်ကော်မြို့နယ်ရှိ ရပ်ကွက်များစသည့် အလှူရှင်ပေါင်းတို့မှ တတ်စွမ်းသမျှ လှူဒါန်းသည့် ငွေပဒေသာပင် အလှူတော်များကို ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ပြီး လှူဒါန်းငွေစုစုပေါင်းမှာ ကျပ်သိန်း (၃၁,၇၄၅,၈၀၀) ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)