ကောလင်းမြို့ စည်ပင်သာယာမြို့မဈေး၌ ကုန်ဆုံးရက်စွဲပါမပါ၊ တားမြစ်ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကောလင်း ဩဂုတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ် ဌာနဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်းကာ ယနေ့ နံနက် ၉ နာရီအချိန်က ကောလင်းမြို့ မြို့မ စည်ပင်သာယာဈေး ရှိကုန်စုံဆိုင်များတွင် တားမြစ်ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ၊ ကုန်ဆုံးမည့် ရက်စွဲပါမပါနှင့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ထည့်သွင်းလိုက်နာမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိန်ဌေးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ် ပြန်/ဆက်ဦးစီးဌာနတို့မှ တာဝန်ရှိ သူများက ကောလင်းမြို့မ စျေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်နှင့်အလှကုန်ဆိုင်ခန်းပေါင်း ၄၂ခန်းတို့တွင် သက်တမ်းလွန် မှိုတက်အစား အသောက်များနှင့် သက်တမ်း ကုန်ဆုံးရက်စွဲ၊ ကုန်အမှတ် တံဆိပ်များမပါရှိသည့် ပစ္စည်းများရောင်းချမှုရှိ/ မရှိ တို့ကိုစစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်မျာအား တာဝန်ရှိသူများက အသိပညာပေး ပြောကြားခဲ့သည်။

ကောလင်းမြို့နယ်တွင် စားသုံးသူဘေးကင်း လုံခြုံစေရေးအတွက် တားမြစ်ကုန်ပစ္စည်းများ၊ ဆေးဝါးများ ရောင်းချမှုရှိ/မရှိနှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ထည့်သွင်း လိုက်နာမှု ရှိ/မရှိတို့ကို တာဝန်ရှိသူများက လစဉ်ကွင်းဆင်းကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)