ပြည် နိုဝင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ သီရိခေတ္တရာရတနာ မြို့တော်ခန်းမနှင့် သာသနာ့ ဗိမာန်တော် ဆေးထိုးစုရပ်နေရာနှစ်ခုတို့၌ ယမန်နေ့ နံနက်ပိုင်းနှင့် နေလယ်ပိုင်းတို့တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသော ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက် ၄၀ နှစ်နှင့် အထက်ရှိ ပြည်သူများအား ဦးတည်ထိုးနှံပေး ခြင်းဖြစ်ကြောင်းနှင့် သီရိခေတ္တရာရတနာ မြို့တော်ခန်းမတွင် လူဦးရေ(၈၀၀)ကျော်နှင့် သာသနာ့ဗိမာန် တွင် လူဦးရေ ၆၀၀ခန့် စုစုပေါင်း ပြည်သူ ၁၄၀၀ ကျော်ကို နံနက်ပိုင်းနှင့် နေ့လယ်ပိုင်း နှစ်ပိုင်းခွဲ ၍ ထိုးနှံပေးကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ပြည်မြို့နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးမှုဖြင့် ရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်ဦးတည်အုပ်စုအလိုက် ဆေးထိုး စုရပ်နေရာအသီးသီး၌ ဆက်လက်ထိုးနှံပေးသွား မှာ ဖြစ်ကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာ များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းမင်းစိုး