လေးမျက်နှာ နိုဝင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် (၆)လတာကာလအတွင်း ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက လှော်ကထားကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာရှိ အ.မ.က-ကြို့ကုန်း စာသင်ကျောင်းတွင် ကိုဗစ်-၁၉လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ (လက်ထောက်ညွှန်ကြားရေးမှူး)မှ အမှာစကားပြောကြားပြီး ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့်စည်းကမ်းများ၊ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကဏ္ဍတစ်ခုချင်းစီအလိုက် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကော်မတီဝင်(၁၁)ဦးအား အများသဘောနှင့်အညီ ရွေးချယ်ဖွဲ့စည်းခဲ့သည်။
၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် (၆)လတာကာလ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ပံ့ပိုးရန်ပုံငွေကျပ်သိန်း(၁၀၀)ဖြင့် ကြို့ကုန်းကျေးရွာတွင် ကျေးရွာနေပြည်သူများကိုယ်တိုင် ကျေးရွာ၏ အဓိကလိုအပ်ချက်များတွင် ပါဝင်သော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းစီမံချက်များ ရေးဆွဲပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးကာ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ကျော်ဟိန်း