ပခုက္ကူ နိုဝင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကံလှကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအတွက် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယမန်နေ့ နံနက် ၉ နာရီ အချိန်မှစတင်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးကြသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပခုက္ကူခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးထိန်လင်းသိန်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်း ဦးဆောင်၍ ဒုတိယလဝကမှူး ဒေါ်သက်သက်နှင့် ဝန်ထမ်းတို့က ကံလှကျေးရွာအုပ်စု အတွင်းရှိ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကျား-၄ကတ်၊ မ-၁ကတ်၊ ပေါင်း ၅ကတ်၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ် ကျား-၅ကတ်၊ မ-၇ကတ်၊ ပေါင်း၁၂ကတ်၊ စုစုပေါင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား ၁၇ကတ် တို့အား နေ့ချင်းပြီး အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ အသက်(၁၀)နှစ်မှ (၁၈)နှစ်ထိ နိုင်ငံသားစိစစ်ရေး ကတ်ပြားလဲလှယ်သူနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပျောက်ဆုံး၊ ပျက်စီးသူများအနေဖြင့်ရုံးသို့ လာရောက်လျှောက်ထား ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းက ပြောသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)