မကွေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ရှေးဦးပြုစုခြင်း အသိပညာပေး (Talk Show) အစီအစဉ်ကျင်းပ

မကွေး နိုဝင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မကွေးမြို့နယ် ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အသိပညာပေး(Talk Show) ကို ယမန်နေ့မွန်းလွဲပိုင်းက မကွေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးပွဲတွင် မကွေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်ဝင်းသိန်းက မိမိတို့ ပြန်/ဆက်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် ပုံပြောခြင်း အစီအစဉ်၊ စာအုပ်/စာစောင် မျှဝေခြင်းနှင့် ကဗျာရွတ်ဆိုခြင်းအစီအစဉ်များအား တင်ဆက်လျက်ရှိကြောင်းနှင့် အသိပညာပေး(Talk Show)အစီအစဉ်များ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မကွေးမြို့နယ်ကြက်ခြေနီအသင်း မြို့နယ်တပ်ဖွဲ့မှူး ဒေါ်ဥမ္မာရီက မိမိတို့ မြို့နယ် ကြက်ခြေနီ အသင်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ပြည်သူများအား ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုများ၊ Quarantine Centreများတွင် ကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုတွင် ပူးပေါင်းပါဝင် ဆောင်ရွက်မှုများ၊ ကြက်ခြေနီအသင်းဝင် လူငယ်လူရွယ်များအား ရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်ပေးမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)