မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေး ဆွေးနွေးပွဲကျင်းပ

မင်းဘူး   နိုဝင်ဘာ   ၁၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မင်းဘူးမြို့နယ် မသန်စွမ်းသူအသင်းတို့ ပူးပေါင်း၍ မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ယမန်နေ့မနက် ၁၁ နာရီအချိန်က မင်းဘူးခရိုင် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သူဇာစိုးက မသန်စွမ်းသူများအသင်း ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက် ဦးတည်ချက်နှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ မသန်စွမ်းသူ အခွင့်အရေးဆိုင်ရာများနှင့် သိသင့်သိထိုက်သည်များကို မေးမြန်းဆွေးနွေးခဲ့သည်။

ထိုသို့မေးမြန်းဆွေးနွေးရာ မင်းဘူးခရိုင် မသန်စွမ်းသူများအသင်း တွဲဖက်အတွင်းရေးမှူး ဦးသက်အောင်က မသန်စွမ်းသူများအသင်း၏ ဦးတည်ချက်မှာ မသန်စွမ်းသူများအားလုံးကို ဦးတည်ပြီး၊ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ မသန်စွမ်းသူတွေထဲမှာ လူငယ်လူရွယ်လေး တွေပါရှိပြီး၊ သူတို့လေးတွေရဲ့ဘဝတွေ တိုးတက်စေချင်ပါကြောင်း၊ ကျွန်တော်အပါအဝင် မသန်စွမ်းသူ အားလုံးဟာ သူများနည်းတူ စိတ်သွားတိုင်း ကိုယ်ပါအောင် အလုပ်မလုပ်နိုင်တဲ့ အတွက် စိတ်အားငယ်ကြသည်။ ဒီလိုစိတ်အားငယ်မှုတွေ မဖြစ်ရအောင် သူတို့နဲ့ထိုက်သင့်တဲ့ အလုပ်အကိုင်များ ရရှိချင်ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ကျွန်တော်တို့ မသန်စွမ်းသူ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဟာ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်၍ လုပ်ဆောင်ပေး နေမှုများရှိကြောင်းနဲ့ ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသွားကြောင်း သိရသည်။

မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေနဲ့ ဒေသခံပြည်သူများနှင့် ကျောင်းသား လူငယ်/လူရွယ်ကလေးများ အသိပညာ ဗဟုသုတရစေရန်အတွက် စာဖတ်အညွှန်း၊ စာဖတ်မိတ်ဆက်၊ ကဗျာရွက်၊ ပုံပြော၊ အရုပ်ဆက်နှင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ဆွေးနွေးပွဲ (Talk Show) အစီအစဉ်များကို Online မှတဆင့် အစဉ်မပြတ် ထုတ်လွှင့် လျက်ရှိကြောင်း သိရသည်။

ဇေယျာထက် (မင်းဘူး)