မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ မကွေးတိုင်းဒေသကြီးအတွင်း အသစ်ခန့်ထားသော အခြေခံပညာ ဆရာ/ ဆရာမများ ဘာသာရပ်ဆိုင်ရာ သင်တန်းဖွင့်ပွဲ တက်ရောက်

မကွေး နိုဝင်ဘာ  

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အသစ်ခန့်ထားသော အခြေခံပညာ ဆရာ/ဆရာမများ ဘာသာရပ်ဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီ အချိန် က မကွေးပညာရေးဒီဂရီကောလိပ် ပညာဗိမ္မာန်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် က သင်တန်းသား/သင်တန်း သူများသည် သင်တန်းက ပို့ချပေးလိုက်သော သင်ယူမှုရလဒ်ကောင်းများကို ရှေ့ရှု၍ ဆရာ/ ဆရာမ ကျင့်ဝတ်များနှင့်အညီ ရောက်ရာဒေသ ရောက်ရာအရပ်မှာ  စေတနာ၊ ဝါသနာ၊ အနစ်နာထား၍ ကလေးသူငယ်များကို သင်ကြားပေးရန် လိုအပ်ကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် ကျောင်းသား/ ကျောင်းသူ များ၏ အတုယူစရာစံအဖြစ် ကိုယ်ကျင့်တရားကောင်းမွန်ရန်နှင့် အကျင့်စာရိတ္တ ကောင်းမွန်ရန်လိုအပ်ကြောင်း၊ ၂၁ ရာစု ပညာရေး၏ စိန်ခေါ်မှုပြဿနာရပ်များကို ဖြေရှင်းနိုင်သော သင်ယူမှု သင်ကြားမှု အဆင့်အတန်း မြင့်မားအောင် မိမိ၏ ကိုယ်ရည်ကိုယ်သွေးကို အစဉ်အမြဲ တိုးတက်အောင် ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း၊ သင်တန်းသား/သင်တန်းသူတို့သည် နိုင်ငံတော်တည်ဆောက်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အဓိကအခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ ပညာရေးဟူသည်မှာ မွေးဖွားချိန်မှစတင်၍ ဘဝတလျှောက်လုံး စဉ်ဆက်မပြတ် သင်ယူရမည့် အရာဖြစ်ပြီး နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိက အရင်းအနှီးဖြစ်ကြောင်း၊ ပညာရေးဒီဂရီကောလိပ်မှ သတ်မှတ်ထားတဲ့ ကျောင်းစည်းကမ်း၊ အတန်းစည်းကမ်း၊ အဆောင်စည်းကမ်းများကိုလည်း လိုက်နာကြရမှာ ဖြစ်ကြောင်း၊ သင်တန်းကာလမှာလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များအတိုင်း လိုက်နာပြီး ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ မှာကြားလိုကြောင်း စသည်ဖြင့်ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဆရာမကြီး ဒေါက်တာ ချိုချိုမြတ်အောင်မှ အခြေခံပညာကျောင်းများမှာ သင်ကြားရေး ဆရာ/ဆရာမ များအဖြစ် မကွေးတိုင်း ဒေသကြီးအတွင်း သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော အထက်တန်းပြ(၁၉၃)ဦး၊ လက်ထောက် အလယ်တန်းပြ(၆၅)ဦး၊ လက်ထောက်မူလတန်းပြ(၃၆၂)ဦး၊ စုစုပေါင်း(၆၂၀)ဦးကို စိစစ်ရွေးချယ် ခန့်ထားခဲ့ပါကြောင်း၊ သင်တန်းကာလမှာ (-၁၁-၂၀၂၁) ရက်နေ့မှ (-၁၂-၂၀၂၁) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်သန်းသန်းစိုးမှ အသစ်ခန့်ထားသော သင်တန်းသား/သူ များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသား/သူများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်ထောက်ပံ့သော ဗလာစာအုပ်များနှင့် နှာခေါင်းစည်း Mask များ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ