ချောင်းဆုံ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာ(၆)ရွာတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်

ချောင်းဆုံ နိုဝင်ဘာ ၉

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်းရင်းနှီးမြှုပ်နှံမှု အစီအစဉ်ဖြင့် ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာတွင် ယခုနှစ် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက် နိုဝင်ဘာလ ပထမပတ်မှ စတင်ပြီး ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး  လုပ်ငန်းစီမံကိန်းကို  အကောင်အထည်ဖော်   ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ကျေးရွာသူ၊ ကျေးရွာသားများအားလုံးပါဝင်ပြီး ကျေးရွာ၏ အဓိက လိုအပ်ချက်များဖြစ်သည့် လမ်းပန်း ဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေးနှင့် အခြေခံအဆောင်အအုံစသည့် လုပ်ငန်း များအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ   ယခုနှစ်တွင်    တစ်ရွာလျှင် စီမံကိန်း  ရန်ပုံငွေကျပ် သိန်း(၁၀၀)နှင့်  ပြည်သူ ထည့်ဝင်ငွေများဖြင့်    ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်(ကျေး/လက်) ဦးစီးအရာရှိ ဒေါ်စန်းစန်းမော် ထံမှ သိရသည်။

အဆိုပါစီမံကိန်း ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ဖြင့် မြို့နယ်အတွင်းရှိ မုရစ်ကလေးကျေးရွာ၊ ကော့ရမ္မာကျေးရွာ၊ မုကွဲကျေးရွာ၊ ပိုင်ကဒါး  ရှမ်းစုကျေးရွာ၊ ညောင်လမ်းကျေးရွာ၊ ကွမ်တကဲ ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား၊ ရေပေးဝေရေးနှင့် အခြေခံအဆောက်အအုံ စသည့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ အိမ်ခြေ စုစုပေါင်း(၂၀၃၆)အိမ်ခြေအတွက် ဒေသတွင်းဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)