ပခုက္ကူမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အမျိုးသမီးစက်ချုပ် (အခမဲ့)သင်တန်း ဆက်လက်သင်ကြား

ပခုက္ကူ   နိုဝင်ဘာ  

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ သဘာဝဘေးဒဏ်ခံ ဘက်စုံသုံးအဆောက်အဦ၌ ယနေ့နံနက် ၉နာရီအချိန်မှ စတင်ပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အမျိုးသမီးစက်ချုပ် (အခမဲ့)သင်တန်း ဆက်လက်သင်ကြားပေးသည်။

အဆိုပါသင်တန်းကို ပခုက္ကူမြို့၊ သီဟိုဠ်ရှင်စေတနာ (အခမဲ့)ဆေးခန်းနှင့် အရေးပေါ်လူနာတင်ယာဉ်ကူညီမှုအဖွဲ့ဝင်များ ပူးပေါင်း၍အခမဲ့ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ပခုက္ကူမြို့ပေါ်နှင့် ကျေးရွာများမှသင်တန်းသူ ၂၃၅ဦး တက်ရောက်ကြကြောင်း၊ သင်တန်းနည်းပြ ပရဟိတဆရာမ မအိဦးဆောင်သော သင်တန်းနည်းပြဆရာမငါးဦး က အခြေခံစက်ချုပ်နည်းများ အပါအဝင် ထိုင်းစင်တီမီတာနှင့် အဆင့်မြင့်လက်မတိုင်းတာနည်း စသည့်အမျိုးသား၊ အမျိုးသမီး အဝတ်အထည်များ ဒီဇိုင်းရေးဆွဲနည်းများကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့အထိ သင်တန်းကာလနှစ်လခွဲကြာ နေ့စဉ်နံနက် ၇နာရီမှ ညနေ ၅နာရီခွဲအတွင်း အပတ်စဉ် တနင်္လာနေ့မှ ကြာသပတေးနေ့အထိ စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဖြစ်စေရေး ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်စေခြင်း၊ သင်တန်းခန်းမအပေါက်ဝတွင် လက်ဆေးဘေးစင်ထားရှိခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် သင်တန်းသူများအား အဖွဲ့ငါး ဖွဲ့ခွဲ၍ တစ်ဖွဲ့ကို ၂နာရီကြာ ပို့ချ သင်ကြားပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း နည်းပညာနှင့် အတတ်ပညာသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် အမျိုးသမီးများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်၊ ထိုပညာရပ်များဖြင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ပြီး မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ တပိုင်တနိုင်မိသားစုဝင်ငွေရရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်စေမည့် သင်တန်းများ အခမဲ့ထပ်မံဖွင့်လှစ် သင်ကြားပေးနိုင်ရေး ဆက်လက်ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပခုက္ကူမြို့၊ သီဟိုဠ်ရှင်စေတနာ (အခမဲ့)ဆေးခန်းနှင့် အရေးပေါ် လူနာတင်ယာဉ် ကူညီမှုအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးတင်အောင်ကြည် ထံက သိရသည်။                                                       

ဆလိုင်းကိုကီး