မအူပင်မြို့နယ်၌ ကျွဲသောင်ကျေးရွာ မြစ်ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၁)လုံးအတွက် ထောက်ပံ့ငွေပေးအပ်

မအူပင် သြဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကျွဲဒုံးကျေးရွာအုပ်စု ကျွဲသောင်ကျေးရွာ၌ မြစ်ရေတိုးမြင့်လာမှုကြောင့် မြစ်ကမ်းပါး ခိုင်ခန့်မှုအားနည်းသဖြင့် မြစ်ကမ်းနှင့် နီးစပ်သည့် ကမ်းပြိုဘေးအန္တရာယ် ကြောင့်နေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စု လူဦးရေ (၂)ဦး အား ယနေ့နံနက် ၁၁ နာရီက မအူပင်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၌ ထောက်ပံ့ငွေပေးအပ်ခဲ့သည်။

ကျွဲဒုံးကျေးရွာအုပ်စု ကျွဲသောင်ကျေးရွာ၌ မြစ်ရေတိုးမြင့်လာမှုကြောင့် ကမ်းပြိုဘေးအန္တရာယ်ကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၁)လုံးအိမ်ထောင်စု(၁)စု လူဦးရေ (၂) ဦးအတွက် အိမ်ဆောက် ပစ္စည်းရန်ပုံငွေ နေအိမ်တစ်လုံးလျင် ကျပ်တစ်သိန်းနှင့် ဆန်ရိက္ခာ(၇)ရက်စာအတွက် စုစုပေါင်းရန်ပုံငွေကျပ် (၁၀၄,၂၀၀)အား မအူပင်ခရိုင် သဘာ ဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မအူပင်ခရိုင် ဦးစီးမှူးရုံး အကြီးတန်းစာရေး ဦးရဲမင်းထွေးက ကျေးရွာအုပ်ချုပ်ရေးမှူး ရှေ့မှောက်၌ သဘာဝဘေးသင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)