ငါးသိုင်းချောင်း ဩဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနက မြို့စိုက်ပျိုးဧရိယာအတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်၏ ထောက်ပံ့မှု (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းဧက စုစုပေါင်း(၄၅)ဧကတွင် စိုက်ခင်းများ စနစ်တကျ အောင်မြင်ဖြစ်ထွန်းရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ယနေ့ နံနက်ပိုင်းက ငါးသိုင်းချောင်းမြို့၊ မအူကုန်ကျေးရွာအုပ်စု၊ ကျုံတာကျေးရွာရှိ တောင်သူ ဦးကုသိုလ်၏ ကွင်းအမှတ် (၉၀၃ B)၊ ဦးပိုင်အမှတ်(၁၉) ဆင်းသုခစပါးမျိုး (မျိုးစေ့ထုတ်စိုက်ခင်း)(၃)ဧကနှင့် အဆိုပါကျေးရွာရှိ အခြားတောင်သူများအပါအဝင် စုစုပေါင်းမျိုးစေ့ထုတ်စိုက်ခင်း(၁၂)ဧကတွင် မျိုး၏ကောင်းမွန်သော မူလဗီဇအရည်အသွေးကို ထိန်းသိမ်းထားနိုင်ရန်၊ အပင်ပေါက်နှုန်းကောင်းမွန်ညီညာ၍ ကြီးထွားမှုမြန်ဆန်ရန်၊ မြေဩဇာ၊ အစိုဓါတ်၊ အလင်းရောင်စသည်တို့ကို ပိုမိုအသုံးပြုနိုင်ရန် အစရှိသည့်အကျိုးကျေးဇူးများ ရရှိစေရေးအတွက် မြို့စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ရှိ စိုက်ပျိုးမြေဧရိယာတွင် မိုးစပါးစိုက်ဧက (၂၇၆၄၈)ဧက၊ ကိုင်းသီးနှံစိုက်ဧက (၂၆၃၃၈)ဧကရှိပြီး ယခင်နှစ်တွင် ဆင်းသုခစပါးစိုက်ဧက (၁၂၇၄၂)ဧကစိုက်ပျိုးနိုင်ခဲ့ရာ တစ်ဧက အထွက်နှုန်း(၈၀ ဒသမ ၉၅) တင်းနှုန်းထွက်ရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ဩဂုတ်လ(၁၅) ရက်နေ့အထိ ဆင်းသုခစပါးစိုက်ဧက (၁၃၁၇၆)ဧကစိုက် ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါစိုက်ဧကများအနက် ကိုဗစ် - ၁၉ ကာလအတွင်း (CERP)အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်း(၄၅)ဧကရှိကြောင်းနှင့် မိုးစပါးစိုက်ဧကများအားလုံးတွင် သီးနှံအထွက်တိုးရေးနှင့် အရည်အသွေး ပြည့်မီသော မျိုးစပါးများ ထုတ်လုပ်နိုင်ရေး၊ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေး စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့စိုက်ပျိုးရေးဌာနထံမှ သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)