စစ်ကိုင်း ဩဂုတ် ၁၉
ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဖွဲ့ဝင် ဦးကျော်စိုးဗိုလ်နှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များ တွေ့ဆုံ လုပ်ငန်းညှိနှိုင်း ဆွေးနွေး ခြင်းကို ယနေ့ နံနက်(၁၀)နာရီက စစ်ကိုင်းမြို့နယ် စီမံခန့်ခွဲမှု ကော်မတီရုံးရှိ မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးရုံးတွင် ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဖွဲ့ဝင်ဦးကျော်စိုးဗိုလ်က မိမိတို့အဖွဲ့အစည်းအနေဖြင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်သွားစေလိုပြီး အမှန်တစ်ကယ် ဆင်းရဲနွမ်းပါးသည့် ပြည်သူများကိုသာ ဥပဒေဆိုင်ရာများကို အကြံပေးဆောင်ရွက် လုပ် ကိုင်သွားကြစေလိုကြောင်း ပြည်သူတွေအားကိုးယုံကြည် လာတာနဲ့အမျှ လုပ်ငန်းများဆောင်ရွက် ရမှာဖြစ်ပြီး ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်း မိမိတို့ဒေသဆိုင်ရာအလိုက် မှတ်တမ်းများ ထားရှိသွားကြစေလိုကြောင်း ဆွေးနွေးပြောကြားပေးခဲ့ပြီး ခရိုင်/ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီများသို့ ဥပဒေဆိုင်ရာ စာရွက်/ စာတမ်းများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံ ပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့များက တစ်ဦးချင်းစီအလိုက် မိတ်ဆက်ပေးခဲ့ကြပြီး စစ်ကိုင်းခရိုင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဌ ဦးလှဖူးက မိမိတို့အဖွဲ့မှ အမှုများလိုက်ပါဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်လက် လုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဖွဲ့ဝင်က ပြန်လည် ရှင်းလင်းညှိနှိုင်း ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
ဇော်မြင့်နိုင် (ခရိုင်ပြန်/ဆက်)