ရွှေဘို နိုဝင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုတက္ကသိုလ်၊ ရတနာသိင်္ဃခန်းမ၌ နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီအချိန်က ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာန၊ ရွှေဘိုတက္ကသိုလ်၊ နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ပါမောက္ခချုပ် ဒေါက်တာမျိုးမျိုး က အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမသစ်များ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ နေထိုင်ရေး စည်းလုံးညီညွတ်စွာ နေထိုင်ရေး ပြောကြားပြီး ဆရာ၊ ဆရာမများအတွက် သင်တန်းကာလအတွင်း စားသောက်စရိတ်အဖြစ် ပညာရေး ဝန်ကြီးဌာနက တစ်ဦးအတွက် တစ်ရက်လေးထောင် ကျပ် ထောက်ပံ့ပေးထားကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာခင်သီတာနှင့် ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါက်တာ တင်တင်ရီ တို့က မိမိတို့တာဝန်ကျ တက္ကသိုလ် တိုးတက်ရေး၊ ရာထူးစဉ်လိုက် လေးစားရေး မိမိတို့ဘာသာရပ်၌ ကျွမ်းကျင်စေရေး အလေးထား ဆောင်ရွက်ကြရန်တို့ကို ပြောကြားခဲ့သည်။
အဆိုပါမွမ်းမံသင်တန်းသို့ နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ စုစုပေါင်း ၁၁၄ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၈ ရက်မှ ဒီဇင်ဘာလ ၈ ရက်ထိ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
သင်တန်းချိန်များ အနေဖြင့် ပထမအပတ်နံနက် ၉ နာရီမှ ၁၂ နာရီထိ စီမံ/ဘဏ္ဍာရေးရာ ဘာသာရပ်နှင့် သင်တန်းရေးရာ ဘာသာရပ်ကို သင်ကြားပြီး ဒုတိယအပတ်မှ စတုတ္ထအပတ်ထိ နံနက် ၉ နာရီမှ ၁၂ နာရီအထိ General Methodology၊ Educational Psychology၊ Educational Theory and Management ဘာသာရပ်များကို သင်ကြားသွားပြီး ပထမအပတ်မှ စတုတ္ထအပတ်ထိနေ့ ၁ နာရီမှ ၄ နာရီထိ သက်ဆိုင်ရာ ဘာသာရပ် မွမ်းမံသင်တန်းများကို ပို့ချသင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။
ဘိုစိုး(ရွှေဘို)