ပခုက္ကူ ဩဂုတ် ၁၉
ပခုက္ကူမြို့နယ်အတွင်းရှိ တောင်သူ(၂၆၂၀)ဦး၏ စိုက်ပျိုးဧကပေါင်း(၁၈၉၈၇)ဧကအတွက် ကိုဗစ်-၁၉ကာလ စိုက်ပျိုး စရိတ်ချေးငွေအဖြစ် ဇွန်လမှစတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ သိရသည်။
၂၀၂၀ပြည့်နှစ်၊ ဇွန်မှ စက်တင်ဘာလအထိ ကိုဗစ်-၁၉ကာလ စိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်ထုတ်ချေးပေးရာ ပခုက္ကူမြို့နယ်အတွင်း ကျေးရွာအုပ်စု(၂၃)အုပ်စုမှ တောင်သူ (၂၆၂၀)ဦး၏ စိုက်ပျိုးဧကပေါင်း (၁၈၉၈၇)ဧကအတွက် အတိုး နှုန်း ငါးရာခိုင်နှုန်းသတ်မှတ်ပြီး တစ်ဧကလျှင် ငွေကျပ်ငါးသောင်းနှုန်းစီဖြင့် ချေးငွေပမာဏ (၉၄၉၃၅၀၀၀၀)ကျပ်ကို ဩဂုတ်လ ၁၈ ရက်နေ့အထိ ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
ထို့အပြင် ၂၀၂၀ပြည့်နှစ်၊ မိုးစပါးနှင့်အခြားသီးနှံစိုက်ပျိုးသည့် ကျေးရွာအုပ်စု(၃၂)အုပ်စုမှ တောင်သူ(၄၈၀၃)ဦး၏ စိုက်ပျိုးဧကပေါင်း (၃၅၃၃၈)ဧကအတွက် စပါးတစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်းနှင့်အခြားသီးနှံတစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်းတို့ဖြင့် မေလမှ စက်တင်ဘာလအထိ ချေးငွေပမာဏ (၃၅၇၆၇၅၀၀၀၀)ကျပ်တို့ကို ထုတ်ချေးပေးခဲ့ပြီး မိမိတို့၏ စိုက်ပျိုးသီးနှံများပေါ်ထွက်ချိန်တွင် အတိုးနှုန်း၅ရာခိုင်နှုန်းဖြင့် ပြန်ဆပ်နိုင်ကြောင်း၊ နိုင်ငံတော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ၊ ကျေးလက်ဒေသလူမှုစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်မှုကို ဘဏ်လုပ်ငန်းဆောင်ရွက်မှုဖြင့် ထိရောက်စွာ အထောက်အကူပြုစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ရည်မှန်းချက်(၆)ရပ်အပေါ်အခြေခံပြီး ဘဏ်စနစ်ကို ကျင့်သုံးလာတတ်စေရန်နှင့် ဘဏ်လုပ်ငန်းအပေါ် ယုံကြည်စွာ ဆက်ဆံလာ ကြစေရန် ရည်ရွယ်၍ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရန်အတွက် တောင်သူတစ်ဦးအနေဖြင့် အိုးခွဲစားအိမ်ထောင်ဦးစီးဖြစ်ခြင်း၊ ငွေစုစာရင်းဖွင့်လှစ်ပြီးသူ၊ ပုံစံ(၁၀၅)နှင့် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)မူရင်းလက်ဝယ်ပိုင်ဆိုင်သူ၊ ရပ်ကွက်/ ကျေးရွာအတွင်း အမြဲနေထိုင်သူ စသည့်အချက်များပြည့်စုံသူများအား တစ်ဧကအောက်နှင့် တစ်ဒဿမ၄၉ဧကကို တစ်ဧက ချေးငွေနှုန်း၊ တစ်ဧကခွဲနှင့် အထက်ကို နှစ်ဧကချေးငွေနှုန်းထားတို့ဖြင့် နွေစပါး၊မိုးစပါး၊ဆောင်းစပါးနှင့် အခြားသီးနှံစိုက်ပျိုးစရိတ်များကို နှစ်စဉ် ထုတ်ချေး ပေးလျက်ရှိ ကြောင်းသိရသည်။
ဆလိုင်းကိုကီး