မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်မောင်းလိုင်စင်အသစ် ပြုလုပ်ခြင်းနှင့် သက်တမ်းတိုးခြင်းများကို နိုဝင်ဘာ ၈ ရက်နေ့မှ စတင်ကာ ပြန်လည်ဆောင်ရွက် ပေးသွားမည်

မင်းဘူး          နိုဝင်ဘာ        ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း ယာယီရပ်နားထားခဲ့သော ယာဉ်မောင်းလိုင်စင် အသစ်ပြုလုပ်ခြင်းနှင့် သက်တမ်းတိုးခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို ယခုလ နိုဝင်ဘာ ၈ ရက်နေ့မှ စတင်ကာ ပြန်လည် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။ 

ကိုဗစ်-၁၉ ရောဂါကြောင့် က.ည.န ဝန်ဆောင်မှု လုပ်ငန်းများအားလုံးကို (၃၀-၃-၂၀၂၀)နေ့တွင် ယာယီရပ်နားထားခဲ့ပြီးနောက် ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ပြီး ရောဂါအခြေအနေပေါ် မူတည်၍ (၁၃-၉-၂၀၂၁) ရက်နေ့တွင် ဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်ခွင့်ပြု ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပြန်လည်ဆောင်ရွက်ပေးရာတွင် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များအနက် Road Safety ဖြစ်စေရေး အရေးကြီးသော အများပြည်သူ သယ်ယူပို့ဆောင်ရေး ခရီးသည်တင်ယာဉ်များကိုသာ ယာဉ်စစ်ဆေးပေးပြီး အခြားယာဉ်များအားလုံးကို (၃၁-၁၂-၂၀၂၁) ရက်နေ့အထိ ယာဉ်စစ်ဆေးခြင်း ကင်းလွတ်ခွင့်ပြု၍ မှတ်ပုံတင်လုပ်ငန်းများ ပြန်လည်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

“ကိုဗစ်-၁၉ ကာလမတိုင်ခင် သက်တန်းလွန် ကိစ္စရပ်အားလုံးကို ပုံမှန်ဒဏ်ကြေးနဲ့ ဆောင်ရွက်ပေးခဲ့ပြီးတော့ ကိုဗစ်ကာလအတွင်း သက်တမ်းတိုး မော်တော်ယာဉ်တွေရဲ့ သက်တမ်းလွန်ဒဏ်ကြေးတွေကို  အများပြည်သူ ထိခိုက်နစ်နာမှု မရှိစေရေး တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ သုံးသပ်စိစစ် ဖြေလျှော့ဆောင်ရွက်ပေးခဲ့တာပါ။ ယာဉ်မောင်းလိုင်စင် သက်တမ်းလွန် ဒဏ်ကြေးတွေ ကိုလည်း အလားတူ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်မော်က ပြောသည်။

ကိုဗစ်-၁၉ ကာလ လူစုလူဝေးများဖြင့် ဆောင်ရွက်ရသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး သင်တန်းများ၊ ယာဉ်မောင်းလိုင်စင် အသစ်ဖြေဆိုခြင်းနှင့် သက်တမ်းတိုးခြင်းများကို ဆောင်ရွက်ခွင့်မပြုဘဲ ယာယီရပ်နားထားခဲ့ပြီးနောက် ယခုလ နိုဝင်ဘာ ၈ ရက် (တနင်္လာနေ့) နံနက်ပိုင်းမှ စတင်ကာ ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ပြန်လည်ခွင့်ပြု ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)