ဒေးဒရဲမြို့နယ် ကျုံဒူးဒါးမလိမ်းကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဒေးဒရဲ နိုဝင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများကို ကျေးရွာအရောက်  ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို  ယမန်နေ့နံနက် ၁၀ နာရီက ဒေးဒရဲမြို့နယ် ကျုံဒူးဒါးမလိမ်းကျေးရွာ အုပ်စုတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဦးစိုင်းအောင်အေး ဦးဆောင်သော အဖွဲ့မှ ကျုံဒူးဒါးမလိမ်းကျေးရွာအုပ်စုမှ  အိမ်ထောင်စု (၁၇)စုအား အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်း၊ အသက်(၁၀)နှစ်ပြည့်ပြီး   နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူ(၂၆)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ(၁၅)ဦး၊ အသက်(၁၀)နှစ်မှအသက် (၁၈)နှစ်ပြည့် နိုင်ငံသားစီစစ်ရေး ကတ်ပြားလဲလှယ်သူ(၁၂)ဦး၊  နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်/ပျက် မိတ္တူ(၁၉)ဦးတို့အား နေ့ချင်းပြီး ဆောင်ရွက်ပေး ခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ သိရသည်။

အေဇာလင်း(ပြန်/ဆက်)