ဒေးဒရဲမြို့နယ်တွင် ပြင်းထန်ဒဏ်ရာ ရှေးဦးပြုစုခြင်း (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဒေးဒရဲ နိုဝင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှု ကော်မတီ၏ လမ်းညွှန်မှုဖြင့် ဒေးဒရဲမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များအား ပြင်းထန်ဒဏ်ရာ ရှေးဦးပြုစုခြင်း ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို လမ်းမတော်လမ်းရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ကျန်းမာရေးဌာန စီမံချက်ရုံးတွင် ယမန်နေ့ နံနက်၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးဌေးလွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒေးဒရဲမြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှတပ်ဖွဲ့မှူး ဦးနေဝင်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါပြင်းထန်ဒဏ်ရာ ရှေးဦးပြုစုခြင်း (ဆင့်ပွား) သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၁၅)ဦးအား သင်တန်းနည်းပြ(၂)ဦးက လူအများအပြား ပြင်းထန်ဒဏ်ရာ ရရှိပါက စနစ်တကျ စီမံခန့်ခွဲမှုဖြင့် တုံ့ပြန်ဆောင်ရွက်နိုင်ရန်နှင့် ဦးစားပေးလူနာ စနစ်တကျရွေးချယ်ပြီး ပြုစုပေးခြင်းအပြင် ဆေးအကူအညီရသည်အထိ မှန်ကန်သော စီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်စေရန် စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလ (၂)ရက်ကြာ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)