မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီး ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်

မကွေး   နိုဝင်ဘာ  ၇

မကွေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသည့် ကလပ် အသင်းပေါင်းစုံ ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ခရိုင်အားကာစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပ ပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ ဗိုလ်လုပွဲ ပွဲစဉ်အား ကြည့်ရှုအားပေးကာ ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ကလပ်အသင်းအား ဆုကလပ်နှင့် ငွေသားဆု ချီးမြှင့်ပေးအပ်ခဲ့သည်။

မြန်မာ့ခြင်းလုံးအားကစား ကျယ်ပြန့်စွာ တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရေး၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြင်းလုံးအားကစားသမားများ အချင်းချင်း သွေးစည်း ညီညွတ်မှု စိတ်ဓာတ်နှင့် စုပေါင်းလုပ်ဆောင်တတ်သည့် အလေ့အထ ရရှိစေပြီး၊ ပြည်ထောင်စ စိတ်ဓာတ်များ ပိုမိုထွန်းကားလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် လူငယ်သွေး သစ် ခြင်းလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ ပိုက်ကျော်ခြင်းအား ကစားပြိုင်ပွဲကို ကျင်းပဆောင်ရွက်ရာ အဆိုပါ ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲသို့ တိုင်းဒေသကြီး အတွင်းရှိ ခရိုင် /မြို့နယ်များမှ ပိုင်ကျော်ခြင်း အသင်းအဖွဲ့(၂၁)ဖွဲ့မှ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြပြီး၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲ ပွဲစဉ်များကို နိုဝင်ဘာလ ၂ ရက် နေ့မှ စတင်ကျင်းပကာ ယနေ့ မွန်းလွဲပိုင်းတွင် ပိုက်ကျော်ခြင်းဗိုလ်လုပွဲ ပွဲစဉ်အား တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးကာ ဆုရအသင်း များအား ဆုကလပ်နှင့် ငွေသားဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အကောင်းဆုံးရိုက်ခုတ် ကစားသမား ဆုကို မင်းဘူးမြို့နယ် ဓူဝံကြယ် ကလပ်အသင်းမှ မောင်ရဲသူရလင်းက လည်းကောင်း၊ အကောင်းဆုံး ပင့်ထောင် ကစားသမားဆုကို မကွေးမြို့နယ် အာဠာဝက ကလပ်အသင်းမှ မောင်ပြည့်စုံက လည်းကောင်း၊ အကောင်းဆုံး နောက်ထိန်း ကစားသမားဆုကို ပခုက္ကူမြို့နယ် ကွန်ပနီယံ ကလပ်အသင်းမှ မောင်သန်းထိုက်ဝင်းတို့က ရရှိခဲ့ပြီး၊ အသင်းလိုက်ပြိုင်ပွဲ တတိယဆု ကို မင်းဘူးမြို့နယ် စိန်ကလပ်အသင်းနှင့် ဒုတိယဆုကို မင်းဘူးမြို့နယ် ဓူဝံကြယ် ကလပ်အသင်း တို့မှရရှိကာ အဆိုပါ ဆုများကို တိုင်းဒေသကြိးအစိုးရဖွဲ့ဝင် ဝန်ကြီးများက ဆုကလပ်နှင့် ငွေသားဆုများအား အသီးသီးချီးမြှင့်ပေးအပ် ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အားကစားသမားများအား နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတော်အဆင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို အစဉ်တစိုက် ပြုလုပ်ပေးနေ သည့်အတွက် ယခုလိုပြိုင်ပွဲများမှ တစ်ဆင့်နိုင်ငံက အားထားရတဲ့ နိုင်ငံ့ဂုဏ်ဆောင် လက်ရွေး စင် အားကစား သမားကောင်းများဖြစ်အောင်  ဆက်လက်ကြိုးစားဆောင်ရွက် ကြစေလို ကြောင်းမှာကြားကာ ပထမဆုရရှိသော မကွေးမြို့နယ် အာဠာဝက ကလပ်အသင်းအား ဆုကလပ်နှင့် ငွေသားဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ(မကွေး)