ပုဏ္ဏားကျွန်းမြို့ ဂူဝဘုရားရင်ပြင်၌ ရွေ့လျားစာကြည့်တိုက်ဖွင့်လှစ်

ပုဏ္ဏားကျွန်း     နိုဝင်ဘာ    ၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရုံးမှ စစ်တွေ-ရန်ကုန် ပြည်ထောင်စုလမ်းမကြီး၏ အနောက်ဘက်တွင်ရှိသည့် ဂူဝဘုရားရင်ပြင်၌  ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်ခြင်းကို  ယမန်နေ့၊ နေ့လယ် (၁) နာရီမှစ၍  အပတ်စဉ် (စနေ) နေ့တိုင်း နေ့လယ် (၁) နာရီမှ ညနေ (၄) နာရီအထိ သုတ၊ ရသစာပေ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်၊ ဝတ္ထု၊ ဂျာနယ်စာစောင်များဖြင့် ဖွင့်လှစ်ပေးလျက်ရှိသည်။

ထိုသို့ Mobile Library ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်ချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပုဏ္ဏားကျွန်းမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် မည် သူမဆို တနင်္လာနေ့မှ သောကြာနေ့အထိ၊ သုတစာပေ၊ ရသစာပေ စာအုပ်/စာစောင်များအား အခမဲ့လာရောက် ဖတ်ရှုငှားရမ်းနိုင်ပါကြောင်း သတင်းစကား ပါးခဲ့ကြသည်။

ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ပုဏ္ဏားကျွန်းမြို့နယ် ပြန်/ဆက် ဦးစီးမှူး ဦးသိန်းတန်အောင်က “ကျွန်တော်တို့ မြို့နယ်ပြည်သူ့စာကြည့်တိုက်မှာ  ရုံးဖွင့်ရက် နေ့တိုင်း သုတ၊ ရသ စာအုပ်စာစောင်များကို  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး  စည်းကမ်းချက်များနှင့်အညီ အခမဲ့ငှားရမ်းပေးနေပါတယ်၊  အခုတော့ စာပေဝါသနာရှင်များ ကို အသိပေးတဲ့အနေနဲ့  အနယ်နယ်အရပ်ရပ်မှ ဘုရားလာဖူးကြတဲ့ လူငယ်တွေအတွက် စာအုပ်စာစောင်များကို လျှပ်တစ်ပြက် ဖတ်ရှုလေ့လာစေချင်တဲ့သဘောနဲ့   ဒီလိုမျိုး  ရွေ့လျားစာကြည့်တိုက် လာရောက်ဖွင့်လှစ်ရတာဖြစ်ပါတယ်” ဟု ပြောကြားသည်။

အခုလိုမျိုး စာကြည့်တိုက်လာဖွင့်ပေးတဲ့အတွက်  ကျေးဇူးတင်ပါတယ်၊  ဘုရားဖူးခရီး သည်တွေလည်း  စာပေထဲက အသိပညာဗဟုသုတတွေကို ပိုမိုဖတ်ရှုလေ့လာခွင့် ရရှိမှာပေါ့၊ ကျွန်တော်တို့ ဂေါပကအဖွဲ့တွေအတွက်လည်း ဘာသာရေးစာပေတွေကိုပါ လေ့လာခွင့်ရလို့ ပိုပြီးကျေနပ်ပါတယ်၊ ဘုရားဖူးခရီးသည်တွေအတွက်လည်း များစွာအကျိုးရှိပါတယ်ဟု ဂူဝဂေါပကအဖွဲ့၊ အတွင်းရေးမှူး ဦးသာနုမောင်က ပြောသည်။

အဆိုပါ ရွေ့လျားစာကြည့်တိုက်တွင် သုတစာပေ၊ ရသစာပေ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဝတ္ထု၊ ရုပ်ပြစာအုပ်(၈၀)ကျော်ထားရှိပြီး မိမိတို့ ကြိုက်နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ငှားရမ်း ဖတ်ရှုနိုင်ရန် စနစ်တကျ စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)