လက်ပံတန်း နိုတင်ဘာ ၆
အခြေခံပညာ ကျောင်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေသည့် ကာလအတွင်း ယာယီပိတ်ထားခဲ့ရာမှ ရောဂါကူးစက်မှုများ ကျဆင်းလာသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် နိုဝင်ဘာ(၁)ရက်နေ့ မှစတင်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လက်ပံတန်း မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ် သင်ကြား ပေးလျက်ရှိသည်။
လက်ပံတန်းမြို့နယ်ရှိ ထက်/လယ်/မူအခြေခံပညာကျောင်း (၂၀၇) ကျောင်းတို့၌ ကျောင်းသား၊ ကျောင်းသူ(၉၅၁၂)ဦးအထိ အေးချမ်းစွာ တက်ရောက် ပညာသင်ကြား လျက်ရှိပြီး၊ အခြေခံပညာ ဦးစီးဌာနမှ သတ်မှတ်ပေးထားသော သင်ရိုးညွှန်းတမ်းများနှင့်အညီ သင်ကြားပေးသွားမည် ဖြစ်သည်။
ယခုအခါ အခြေခံပညာကျောင်းများကို တစ်ပတ်လျှင်(၆)ရက် ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမအပ်နှံရသေးသော ကျောင်းသား၊ ကျောင်းသူများအတွက် နိုဝင်ဘာလ(၁၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံပေး သွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ဝင့်နန္ဒာဌေး (လက်ပံတန်း)