ကျောက်တော်မြို့နယ်၌ အောက်ဆီဂျင်စက်ရုံ စတင်လည်ပတ်

ကျောက်တော် နိုဝင်ဘာ ၅

 

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ကိုဗစ်-၁၉ လူနာများနှင့်အရေးပေါ်လူနာများအတွက် အောက်ဆီဂျင် လုံလောက်စွာရရှိစေရန် ရည်ရွယ်၍ တည်ဆောက်ခဲ့သည့် အောက်ဆီဂျင်စက်ရုံတွင် စက်ရောက်ရှိပြီး အောက်တိုဘာလ ၄ ရက်နေ့က စတင်လည်ပတ်ကာ အောက်ဆီဂျင်များထုတ်လုပ် နိုင်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ စက်ရုံကို ကျောက်တော်မြို့နယ်၊ ပြည်သူ့ဆေးရုံဝင်းအတွင်း တည်ဆောက်ထားပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေကျပ် သိန်း ၁၀၀၊ စေတနာရှင်အလှူရှင်များနှင့် မြို့နယ်သူ၊ မြို့နယ်သားများ၏ ထည့်ဝင်ငွေများဖြင့် စက်ရုံတည်ဆောက်ကာ စက်ဝယ်ယူ၍ အောက်ဆီဂျင်များ ထုတ်လုပ်နေခြင်းဖြစ်သည်။

ကျောက်တော်မြို့နယ်တွင် ယခင်က လိုအပ်သောအောက်ဆီဂျင်များကို စစ်တွေမြို့နှင့်မြောက်ဦး မြို့တို့မှ မှာယူကာအသုံးပြုခဲ့ရပြီး ယခုအခါ အောက်ဆီဂျင်ထုတ်လုပ်နိုင်ပြီဖြစ်သဖြင့် လိုအပ်သောမြို့ နယ်များကိုလည်း ပေးပို့ဖြန့်ဖြူးသွားမည်ကြောင်း အောက်ဆီဂျင်စက်ရုံတည် ဆောက်ရေး ကော်မတီ ဝင် ဦးမောင်အေးစောမှ ပြောသည်။

ကျောက်မြို့နယ် အောက်ဆီဂျင်စက်မှာ တစ်ရက်လျင် အောက်ဆီဂျင် ၄၀ လီတာ ဗူးကြီး ၈၀ ထွက်ရှိမည်ဖြစ်ပြီး စက်၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၇၀၀၀၀ ကုန်ကျခဲ့ကြောင်းသိရသည်။

တင်လှိုင်(ပြန်/ဆက်)