မြောင်းမြ သြဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကျေးလက်ဦးစီးဌာနက ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ်အဖြစ် (Village Revolving Fund Project - VRFP ) စီမံကိန်းဆောင်ရွက်သည့် မြောင်းမြ မြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာ၌ ယမန်နေ့ နေ့လည် ၁ နာရီအချိန်က စီမံကိန်းရန်ပုံငွေများ မြို့နယ်ကျေးလက်ဦးစီးဌာန ဝန်ထမ်းများက လက်ဝယ်အရောက် သွားရောက် ပေးအပ် ခဲ့ကြောင်း သိရသည်။
"ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူများ လူမှုစီးပွားထိခိုက်မှုများ ဖြစ်ပေါ်နေပြီး လုပ်ကွက်ငယ် တောင်သူများ၊ ထုတ်လုပ် ရောင်းချသူများ၊ အသေးစားစီးပွားရေး လုပ်ကိုင်နေသူများအနေဖြင့် စီးပွားရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်ရန်၊ သွင်းအားစုနှင့် ငွေကြေး အရင်းအနှီးများ လိုအပ်သည်များကို ပြန်လည်ကုစားနိုင်ရေးအတွက် ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း ( Village Revolving Fund Project - VRFP ) စီမံကိန်းကို နိုင်ငံတော်မှ အကောင်အထည် ဖော်ဆောင်ရွက် နေခြင်းဖြစ်ပါတယ်" ဟု ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသင်းဦးက ပြောကြားသည်။
မြောင်းမြမြို့နယ်အတွက် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း ( Village Revolving Fund Project - VRFP ) စီမံကိန်း ဆောင်ရွက်မည့် ကျေးရွာ (၃) ရွာ ရရှိပြီး ဦးနုချောင်းကျေးရွာအုပ်စု ရွာသစ်ကျေးရွာအတွက် ကျပ်သိန်း (၃၀၀) ၊ တောင်ကလေး ကျေးရွာအုပ်စု သစ်ဆိမ့်ကုန်းကျေးရွာအတွက် ကျပ်သိန်း (၂၀၀) နှင့် လင်းဒိုင်းလက်ပံ ကျေးရွာအုပ်စု ဖလောက်ချောင်း ကျေးရွာ အတွက် ကျပ်သိန်း (၁၀၀) ကို ကျေးရွာ အတွင်းရှိ အိမ်ခြေအနည်းအများအလိုက် ရန်ပုံငွေများ ရရှိခြင်းဖြစ်ပြီး ကျေးရွာအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကျေးရွာကုန်ထုတ်လုပ်ငန်း၊ အသေးစား ရောင်းဝယ်ရေးလုပ်ငန်းနှင့် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မြောင်းမြ ခရိုင် / ပြန်ဆက်