အိမ်မဲမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ မရှိ စစ်ဆေး

အိမ်မဲ  သြဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချသော စျေးဆိုင်များအား ညွှန်ကြားချက်များနှင့် ရောင်ချခြင်းရှိ မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ စစ်ဆေးရာတွင် အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဇော်နှင့် တာဝန်ရှိသူများက စားသောက် ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ထမင်းဆိုင်များ၊ အလှပြင်ဆိုင်များနှင့် ဆံသဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် စားပွဲဝိုင်းများကြားတွင် (partition) အကာအရံများထားရှိရေး၊ အစားအသောက်များကို သန့်ရှင်း စင်ကြယ်စွာ ချက်ပြုတ်ရေး၊ လက်ဆေးဘေစင်များနှင့် Hand Gel များထားရှိပေးရေး၊ ရောင်းချသူများအနေဖြင့် Mask များ Face Shield များ တပ်ဆင်ပြီးမှ ရောင်းချမှုရှိစေရေး၊ အိုးခွက်အသုံးအဆောင်များနှင့် စားဖိုဆောင်များအတွင်း သန့်ရှင်းသပ်ရပ်မှုတို့ကို စစ်ဆေးခြင်း၊ စားပွဲဝိုင်းတစ်ခုတွင် လူလေးဦးထက်မပိုပဲ ဆိုင်ထိုင်ကြရန် တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ရန်နှင့် စည်းကမ်းမလိုက်နာပါက အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ထုတ်ပေး ထားသော စားသောက်ဆိုင် (၁၁) ဆိုင်၊ ထမင်းဆိုင် (၇) ဆိုင်၊ လက်ဖက်ရည်ဆိုင် (၂၁)ဆိုင်၊ မုန့်ဆိုင်(၂)ဆိုင်၊ ဆံသဆိုင်(၃) ဆိုင်နှင့် အလှပြင်ဆိုင် (၁၀) ဆိုင်တို့ကို ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)