တမူးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ကိုယ်ဝန်ဆောင် မိခင်များအတွက် ထောက်ပံ့ငွေ ရရှိနိုင်ရန် (Ngwe Bike) အစီအစဉ်တွင် စာရင်းများပေးသွင်း

တမူး သြဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကိုယ်ဝန်ဆောင် မိခင်များအတွက် ထောက်ပံ့ငွေရရှိနိုင်ရန် (Ngwe Bike) အစီအစဉ်တွင် စာရင်းများ နေ့စဉ် ပေးသွင်းလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါဆောင်ရွက်ရာတွင် တမူးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအတွက် ငွေကြေး ထောက်ပံ့ ရယူနိုင်ရန် ရုံးသို့လာရောက်ကြသည့် ကိုယ်ဝန်ဆောင်မိခင်များကို Google Play Store နှင့်Apple Store တို့တွင် (Ngwe Bike) Application ကို Download ရယူပေးခြင်း၊ စာရင်းသွင်းရန် အခက်အခဲရှိသူများကို ဝန်ထမ်းများမှ ဖုန်းအတွင်းစာရင်းရေးသွင်း ပေးခြင်း များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ယခုငွေကြေးထောက်ပံ့မည့် အစီအစဉ်သည် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်သူလူထု၏ လူမှုစီးပွားဘဝများအပေါ် သက်ရောက်မှုများအား လျော့ပါးသက်သာစေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပံ့ငွေ (၃၀၀၀၀) ကျပ်ဖြင့် တစ်ကြိမ်သာ ထောက်ပံ့ပေးအပ်မည့်အစီအစဉ် ဖြစ်ကြောင်း သြဂုတ်လ(၁၁) ရက်နေ့မှစတင်၍ စက်တင်ဘာ (၁၅) ရက်နေ့အထိ စာရင်းသွင်းလျှောက် ထားနိုင်ပြီး လျှောက်ထားရာတွင် မိမိအစီအစဉ်ဖြင့် လည်းကောင်း၊ မိမိ၏ ဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်းများနှင့် လူမှုဝန်ထမ်း ဦးစီးဌာန၏ အကူ အညီဖြင့်လျှောက် ထားနိုင်ကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်ခင်ဥမ္မာထံမှ သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)