ရေး ဩဂုတ် ၁၈
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၁၉ခုနှစ် ဩဂုတ်လက မိုးသည်းထန်စွာရွာသွန်းပြီး သဘာဝ ဘေးအန္တရာယ် ကြောင့် ပျက်စီးသွားသည့် သီးနှံစိုက်ဧရိယာ (၄၂၅) ဧကအား ဒုတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကံဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးစိုးနိုင်က သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသည့် သီးနှံစိုက်ဧရိယာများ အတွက် ထောက်ပံ့ငွေပေးအပ် ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီးနောက် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
ရေးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသည့် မိုးစပါး(၇၅၇)ဧကအား တစ်ဧကလျှင် ငွေကျပ်(၁၀၀၀၀/-)နှုန်းဖြင့် ဖေဖော်ဝါရီလတွင် ပထမအကြိမ်ထောက်ပံ့ပေးခဲ့ပြီး ယခု အကြိမ်တွင် ရာဘာ(၄၂) ဧက၊ ကွမ်းသီး(၂၄၉)ဧကနှင့် သံပုရာသီး(၁၃၄)ဧက စုစုပေါင်း(၄၂၅)ဧက တို့အား တစ်ဧကလျှင် ငွေကျပ် (၂၀၀၀၀/-)နှုန်းဖြင့် ကျေးရွာအုပ်စု (၅)အုပ်စုကို ဒုတိယအကြိမ်ဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)