ပုလဲ ဩဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့ နံနက် ၉ နာရီက ပထမအကြိမ် ကပ်ထားကြေညာခဲ့သော မဲဆန္ဒရှင်စာရင်းများ ထည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းကြည်က ရပ်ကွက်/ကျေးရွာအုပ်စုများမှာ အသက် ၁၈ နှစ် ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ် ကပ်ထား ကြေညာခဲ့ရာ မဲဆန္ဒရှင် စာရင်းမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းကျန်ခဲ့ခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေခြင်း၊ ပါဝင်သော အချက် အလက်များ မှားယွင်း နေခြင်းစသည့် လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ မဲဆန္ဒရှင် စာရင်းများ ထည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာမှာ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်ရေးအတွက် မြို့နယ်မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်း၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များကို တာဝန်ပေးအပ်ခဲ့မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ခင်ခင်ဆွေက ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်း များကို ပထမအကြိမ် ကပ်ထားကြေညာထားခဲ့ရာ လာရောက်ကြည့်ရှုသူ ၁၈၂၇၃ ဦးရှိပြီး မဲဆန္ဒရှင်စာရင်းမှာ မိမိအမည် မပါဝင်၍ ပုံစံ (၃) ဖြင့် အမည်ထည့်သွင်းရန် တောင်းဆို လျှောက်ထားသူ ၁၂၅၂ ဦး၊ မဲဆန္ဒရှင်စာရင်းမှာ မပါဝင် သင့်သူများ ပါဝင်နေ၍ ပုံစံ(၄)ဖြင့် ကန့်ကွက် ထားသူ ၅၆၆ ဦး၊ မဲဆန္ဒရှင်စာရင်းမှာ ပါဝင်သော အချက်အလက်များ မှားယွင်းနေ၍ ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းသူ ၄၄၇ ဦး ရှိကြောင်း၊ ပထမအကြိမ် ကြေညာခဲ့သော မဲဆန္ဒရှင်စာရင်းများနှင့် ပတ်သက်၍ မဲဆန္ဒရှင်စာရင်းများ ထည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင်လုပ်ငန်းကို ဩဂုတ် ၁၇ ရက်မှ ၂၃ ရက်အထိ တစ်ပတ်အတွင်း အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ထိုနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက မဲဆန္ဒရှင်စာရင်းများ ထည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင် လုပ်ငန်းနှင့်ပတ်သက်၍ ကြီးကြပ်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို တင်ပြဆွေးနွေးရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းကြည်က လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။ ပုလဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံ ၁၆၁ ရုံ ထားရှိပြီး မဲဆန္ဒရှင် ပေါင်း ၁၂၃၄၅၂ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)