ဟင်္သာတ၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဆင်း

ဟင်္သာတ    ဩဂုတ်   ၁၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန ၊ ဟင်္သာတမြို့ အမှတ်(၁၅) စက်မှုလယ်ယာစခန်းတွင် ဖွင့်လှစ်သင်ကြားသည့် လယ်ယာသုံး စက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဆင်းပွဲ အနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါစခန်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ  စက်မှုလယ်ယာဦးစီးဌာန  လက်ထောက်ညွှန်ကြားရေးမှူး ဦးညွန့်ဦးက သင်တန်းဆင်း အမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးဌာနမှူး ဦးစောအယ်ရွန်က သင်တန်းတွင် သင်ယူတတ်မြောက် ခဲ့သည့် ပညာများကို လက်တွေ့အသုံးချခြင်းဖြင့် ပြင်ဆင်စရိတ်နှင့် အချိန်ကုန်သက်သာစေပြီး လုပ်ငန်းခွင် စောလျင်စွာ ဝင်ရောက် လုပ်ကိုင်နိုင်သည့် အကျိုးကျေးဇူးများ ရရှိလာနိုင်မည့်အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အတွင်းရှိ ကျေးရွာ(၁၁)အုပ်စုမှ သင်တန်းချိန်ပြည့်မီအောင် တက်ရောက် သင်ကြား သည့် သင်တန်းသား(၃၇) ဦး ကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။ အဆိုပါသင်တန်းတွင် တောင်သူများ လက်ဝယ်ပိုင်ဆိုင်အသုံး ပြုလျက်ရှိသော တန်ဖိုးကြီးမြင့်သည့်စက်များကို စနစ်တကျ မောင်းနှင်ထိန်းသိမ်းတတ်စေရန်နှင့် နေ့စဉ်၊ အပတ်စဉ်နာရီအလိုက် ထိန်းသိမ်းရမည့် လုပ်ငန်းစဉ်များ အကြောင်းကို (၁၂)ရက်ကြာ စာတွေ့နှင့် လက်တွေ့ သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ကျော်ကျော်(ပြန်/ဆက်)