ကျိုက်မရော ဩဂုတ် ၁၆
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲအဆင်ပြေစွာ ပေးနိုင်ရေးအတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးရာတွင် အသက်ကြီး အဘိုးအဘွားများအား အထူးအစီအစဉ်အနေဖြင့် Home Service ဖြင့် အိမ်တိုင် ရာရောက် ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ နေ့လည် ၁ နာရီက ကျိုက်မရောမြို့နယ် ကျုံကွယ်ကျေးရွာဓမ္မာရုံ၌ ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးသန်းထိုက်နှင့် ဝန်ထမ်းများက အသက် ၉၀ ကျော်အဘိုး ၂ ဦးနှင့် အဘွား ၃ ဦးတို့အား နိုင်ငံသားမှတ်ပုံတင်ကတ်ပြားများ အိမ်တိုင်ရာရောက် ဆောင်ရွက် ပေးခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ (၆၃) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ လူကျန်အသက်ကြီး မွေးတိုးများနှင့် ယခုအချိန်ထိမွေးတိုး စာရင်းမလုပ်ရသေးသူ (၇၅) ဦးတို့အား စိစစ်၍ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် မိကသစ်ကျေးရွာမှ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားမှတ်ပုံတင် မရရှိသေးသူ (၆၀) ဦး အား နိုင်ငံသားကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးကာ ရုံးတွင်ဆက်လက်ဆောင်ရွက်ပေးရမည့်သူ (၁၅၂) ဦးတို့အား အိမ်ထောင်စုစာရင်းများကို ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
ချိုချို(ပြန်/ဆက်)