ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များ ပိုမိုသိရှိလိုက်နာနိုင်ရေး ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်

ရှားတော စက်တင်ဘာ  ၂၃

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်မှု၊ လွှမ်းခြုံနိုင်မှုများပြီး ရောဂါကူးစက်ခံရမှု လျော့နည်းရန် ကာကွယ်ဆေး မထိုးရသေးသော ပြည်သူများ ထိုးနှံကာကွယ်နိုင်ရန်နှင့် ပြည်သူ့များ ကိုဗစ်-၁၉ စည်းကမ်းချက်များ ပိုမိုသိရှိနားလည်ကာ လိုက်နာနိုင်စေရန် ရည်ရွယ်၍ ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေး နှိုးဆော် ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့တို့က ယမန်နေ့ ညနေ(၆)နာရီ အချိန်တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တို့ပူးပေါင်း၍ ရှားတောမြို့နယ်အတွင်း နေထိုင်ကြသော မိဘပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၆)နာရီအချိန်ထိ ရှားတောမြို့နယ် ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများ သွားရောက်ထိုးနှံပေးကြပါရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များကို တိကျစွာလိုက်နာနိုင်ရေး  လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြသည်။

ထိုသို့ နှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနပိုင် မီးသတ်မော်တော်ယာဉ်ဖြင့် ရှားတောမြို့နယ် ဈေးပိုင်းရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်နှင့် စုစည်းကျေးရွာ တို့တွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့သည်။

မြို့နယ်(ပြန်/ဆက်)